Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-08-31 06:44:06
#စက်တင်ဘာလ (၁)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၄း ၃၈-၄၄)
#Sr. Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“ငါသည်ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်ရာ သတင်းကောင်းကို ဟောပြောကြေညာရန် စေလွှတ်ခြင်း ခံရသည်။” ခရစ်တော်သခင်ကိုယ်တိုင် စေလွတ်ခံရခြင်းရဲ့ ရည်ရွယ်ချက်ကို အတိအလင်း ကြေညာပြီး လူတစုအတွက်၊ နေရာဒေသတစ်ခု အတွက်ဘဲ မဟုတ်ဘဲ နေရာအနှံ့ ကောင်းကင်ဆိုင်ရာ သတင်းကောင်းကို ကိုးကွယ်ယုံကြည်သော ဘာသာ၊ လူ့အဆင့်အတန်း၊ လူမျိုး၊ အသားအရောင်၊ ကျား/မ မရွေး ခွဲခြားမှုမရှိဘဲ ဟောပြော‌ ကြေညာခဲ့တယ်။ စစ်မှန်သော ကယ်တင်ရှင်အဖြစ်  အနာရောဂါများ ပျောက်ကင်းအောင် ကုသပေးသူ ခရစ်တော်သခင်ဟာ ကျွန်ုပ်တို့ရဲ့  ခန္ဓာ‌ရော ဝိညာဥ်မှာပါ ရှိနေတဲ့ ဒါဏ်ရာတွေကို အထူး အလေးထား  ကုသပေးပြီး  မိမိအကူအညီကို လိုလားတောင်းတတဲ့ သူတွေအတွက် အမြဲအဆင်သင့် ရှိတယ်။  ခရစ်တော်သခင်ရဲ့  လူသားတို့ကို အစေခံတဲ့ အမှုတော်ဆောင်ခြင်းမှာ ရောဂါဝေဒနာ စွဲကပ်သူတွေကို ကုသပေးခြင်း၊ နတ်ဆိုး စွဲသူတွေအတွက် နတ်ဆိုး နှင်ထုတ် ပေးခြင်း၊ သေသူတို့ကို ပြန်ပြီး အသက်ပေးခြင်း၊ လူမှုအသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခြင်း ခံရသူတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးခြင်း၊ နောင်တနဲ့ ချစ်ခြင်းဆိုင်ရာ တရားတွေကို ဟောပြောခြင်း စသည်တို့ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဘယ်သူ့ကိုမှ ခွဲခြား ဆက်ဆံခြင်း မရှိဘဲ  အတ္တကြီးသူတွေရဲ့ ခေါ်ဖိတ်ခြင်းကို ယဉ်ကျေးစွာနဲ့  ငြင်းပယ်ခဲ့တယ်။ ခရစ်တော်သခင်ရဲ့ လူသားတွေကို အစေခံခြင်း၊ ကောင်းကင်နိုင်ငံ သတင်းကောင်း ကြေညာခြင်း အမှုတော်ကို ပြန်သတိရပြီး ဒီနေ့ ကျွန်ုပ်တို့ တစ်‌ယောက်ချင်းစီကို ကိုယ်တော်ရှင်သခင် ဖိတ်ခေါ်နေပါတယ်။ သခင်ခရစ်တော်ရဲ့  ကုသခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာ ကျန်းမာခြင်း ပြန်ရရှိရုံ သာမက တပါးသူအတွက် ရက်ရောစွာ ပြန်ပြီး ဆက်ကပ်ဖို့ ဖြစ်တယ်။ သခင်ခရစ်တော်ရဲ့  ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နေတဲ့ ဖန်ဆင်းခံ ကျွန်ုပ်တို့ တစ်‌ယောက်ချင်းစီမှာ လူသားအချင်းချင်း အစေခံနိုင်ဖို့ အရည်အချင်း ပေးထားပြီးသား ဖြစ်သလို စွမ်းရည်ကိုယ်စီ ရှိကြတယ်။ မသေချာ မ‌ရေရာတဲ့ အနာဂတ်နဲ့  အကန့်အသတ် ရှိနေတဲ့ လက်ရှိအခြေအနေမှာ တစ်ဦးနဲ့တစ်ဦး  “မေတ္တာ အကြွေး” သာ တင်ရအောင် ခရစ်တော်သခင် ပေးပို့တဲ့ ဖိတ်ကြားခြင်းကို လက်ခံကြပါစို့။ အထူးသဖြင့် ဘယ်လူသားကိုမှ ခွဲခြားဆက်ဆံခြင်း မရှိဘဲ ဘုရားပေးသော ကျေးဇူးတော်နဲ့ ဖန်ဆင်းခံ အချင်းချင်း ဖေးမကူညီရင်း  ကမ္ဘာကြီးကို ပြန်လည် အလှဆင်ကြပါစို့။

“သင်သည် ခရစ်တော်နောက်လိုက် တစ်ဦးအဖြစ် သင်၌ရှိသော ကောင်းသော စိတ်ထားဖြင့် မိမိပတ်ဝန်းကျင်မှာ ဘုရားရှင်၏ သတင်းကောင်းကို ကြေညာနေပြီလား?”

#Sr. Regina Htoo Htoo (RGS)

Daily Reflection