“ရေနက်ရာသို့ ရွှေ့လော့၊ ငါးဖမ်းရန် သင်တို့၏ ပိုက်ကွန်များကို ချကြလော့”
ဒီနေ့ထောက်ရှုရန် ကျမ်းချက်ကို ကျွန်ုပ်တို့ အားလုံး ရင်းနှီးပြီးသား ဖြစ်တယ်။ ငါးဖမ်းတဲ့ လုပ်ငန်းကို ကျွမ်းကျင်ပြီး ဆရာတစ်ဆူဖြစ်တဲ့ စီမွန်ပေတရုဟာ တစ်ညလုံး ကြိုးစားပြီး ငါးဖမ်းပေမယ့် ငါးတစ်ကောင်မှ မရခဲ့ဘူး။ ဒါကြောင့် လက်လျော့ပြီး အလုပ်သိမ်းဖို့ ပိုက်ကွန်တွေကို ဆေးကြော သန့်စင်နေချိန် ခရစ်တော်သခင် လှေပေါ်ကနေ လူထုကို တရားဟောပြီးတဲ့နောက် စီမွန်တို့နား ရောက်လာတယ်။ ခရစ်တော်က ရေနက်တဲ့ဖက်ကို ရွှေ့ပြီး ပိုက်ကွန်ချဖို့ အမိန့်တော် ပေးလိုက်တဲ့အခါ တစ်ညလုံး ငါးဖမ်းပေမယ့် ငါးတစ်ကောင်မှ မရကြောင်း စီမွန် လျှောက်တင်ပြီး ကိုယ်တော်ရှင် အလိုတော်အတိုင်း ပိုက်ကွန် ချခဲ့တယ်။ စီမွန်ရဲ့ နာခံခြင်းကြောင့် ပိုက်ကွန် စုတ်ပြဲစ ဖြစ်ပြီး လှေနစ်လုမတတ် အလွန်များတဲ့ ငါးတွေကို ဖမ်းမိတယ်။ စီမွန်ပေတရုက ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတော် မျက်မှောက်မှာ ကြောက်ရွံ့ အံ့သြမှုနဲ့ ခရစ်တော်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး “သခင်ဘုရား၊ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ။ အကျွန်ုပ်သည် အပြစ်ရှိသောသူ ဖြစ်ပါသည်” လို့လျှောက်ခဲ့တယ်။ စီမွန်ပေတရုက ချက်ချင်းဘဲ ကိုယ့်ရဲ့ မထိုက်တန်သော အပြစ်သား အခြေအနေကို သတိမူပြီး ခရစ်တော်၌ ဘုရားဘုန်းတော် ထင်ရှားခြင်းနဲ့ သူ့ရဲ့ အကန့်အသတ်ရှိသော လူ့ စွမ်းအားအကြား ကြီးမားတဲ့ ကွာဟချက်ကို မြင်တွေ့ရတယ်။ ခရစ်တော် ကြင်နာစွာနဲ့ စီမွန်ပေတရုကို မကြောက်ဖို့ ပြန်ပြောရင်း ဒီနေ့ကစပြီး သင်တို့ဟာ လူကိုဖမ်းတဲ့ တံငါတွေ ဖြစ်ရလိမ့်မယ် လို့မိန့်တော်မူတဲ့အတိုင်း စီမွန်ပေတရုနဲ့ အဖွဲ့က ဘုရားရှင်ရဲ့ လူသားအားလုံး ကယ်တင်တော်မူခြင်း လုပ်ငန်းမှာ အသက်ပေးပြီး ဆက်ကပ် အပ်နှံဖို့ ခရစ်တော်ရဲ့ ခေါ်တော်မူခြင်း ခံကြရတယ်။ ဒီအဖြစ်အပျက်ကနေ ထောက်ရှုစရာ အနေနဲ့ ဘုရားရှင် အကျွန်ုပ်တို့ကို ကြွယ်ဝသော ကောင်းကြီးနဲ့ အခွင့်အရေး ပေးနေတာကို သာမန်ငါးဖမ်းတဲ့ တံငါသည်ကနေ ခရစ်တော်ရဲ့ အမှုတော်ဆောင် နောက်လိုက်အဖြစ် ရွေးချယ်ခြင်းမှာ မြင်တွေ့နိုင်တယ်။ ရိုးရှင်းတဲ့ ဘဝကနေ ခရစ်တော်သခင် နောက်လိုက် တမန်တော်ကြီး ဘဝကို ချက်ချင်း ပြောင်းလဲနိုင်တယ်။ ကျွန်ုပ်တို့ ဘဝမှာလည်း ကြောက်ရွှံ့ အားငယ်ခြင်း၊ ယုံမှား သံသယရှိခြင်း၊ အလွယ်တကူ စိတ်ဓါတ်ကျခြင်း စတဲ့ အားနည်းချက် ကိုယ်စီ ရှိကြပေမယ့် ခရစ်တော်သခင်၌ ပြောင်းလဲသော အသက်တာကို ဖန်တီးနိုင်တယ်။ ခရစ်တော်သခင်က လူသားတွေလို အလွှာ၊ အဆင့်အတန်းတွေကို ဦးစားပေး မြင်တတ်တဲ့ ဆက်ဆံမှုနဲ့ မမြင်ဘဲ လူကို သူ့အရှိ မူရင်း ပကတိအတိုင်း တန်ဖိုးထား ဆက်ဆံတယ်။ ကျမ်းစာထဲမှာ လူသားတွေရဲ့ အပြစ်၊ ကျရှုံးမှုနဲ့ မပြည့်စုံခြင်းတွေဟာ ဘုရားရဲ့ ခေါ်တော်မူခြင်းကို အတားအဆီး မဖြစ်စေဘူးဆိုတာ မြင်တွေ့ နိုင်ပါတယ်။ အကျွန်ုပ်တို့ မိမိကိုယ်ကို မေးရမယ့်မေးခွန်း- ရေနက်ရာကိုသွားပြီး ခရစ်တော်သခင်နဲ့အတူ ငါးဖမ်းခြင်းဆိုတာ မိမိအတွက် ဘာကိုဆိုလိုတာလဲ? ကိုယ့်ရဲ့ သက်တောင့် သက်တာလေး ဖြစ်နေတဲ့ ဘဝကနေ နိုးထပြီး သခင်နောက် ယုံကြည်ခြင်းကြီးစွာနဲ့ လိုက်ခြင်း၊ ကိုယ့်ရဲ့ မသေချာ မရေရာတဲ့ အခြေအနေကို စွန့်ပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ ပြန်လျှောက်လှမ်းခြင်းလား?
#Sr. Regina Htoo Htoo (RGS)