Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-02 06:24:44
#စက်တင်ဘာလ (၃)ရက် / သောကြာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၉း ၁၄-၁၇)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“သားရေဘူးဟောင်း၌ စပျစ်ရည်သစ်ထည့်ခြင်း”

ဒီနေ့သမ္မာကျမ်းစာအားဖြင့် ခရစ်တော်သခင် ကျွန်ုပ်တို့ကို ဘုရား မနှစ်သက်သော အပြုအမူနဲ့ အကျင့်ဟောင်းကို ဘာကြောင့် ချွတ်ခွာသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး သွန်သင်ထားတယ်။ ‌ယောဟန်ရဲ့ တပည့်တွေက ခရစ်တော်ဆီ ချဥ်းကပ်ပြီး “ကျွန်ုပ်တို့နှင့် ဖာရီဇေဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏ တပည့်တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ကြသနည်း” လို့မေးတယ်။ ခရစ်တော်သခင် သွန်သင်တဲ့ အမှန်တကယ် အစာရှောင်ခြင်းရဲ့ ရည်ရွယ်ချက်က အများသူငှါ မြင်စေ၊ သိစေခြင်း  မရှိဘဲ အစာရှောင်ခြင်း၊ မိမိရဲ့ ဆာလောင်ခြင်း ဝေဒနာကို ထင်ဟပ်နေတဲ့ မျက်နှာထားကို မပြဘဲ အတွင်းစိတ်ရဲ့  ရိုးရှင်းမှုပေါ် မူတည်တယ်။ စပျစ်ရည် ဘူးဟောင်းကို ဆိုလိုတာက နှလုံးသားမှာ ဖါရီဇေဦးတွေလို တင်းကျပ်သော ဥပဒေနဲ့ အယူဆဟောင်း၊ မာနကြီးပြီး အထက်စီးဆန်ခြင်း၊ အပေါ်ယံ မြင်ရတဲ့ အရာပေါ်မှာဘဲ အခြေခံပြီး တဖက်သားကို ဝေဖန်ပြစ်တင်တတ်ခြင်း၊ ဘုရားမကြိုက်သော နည်းလမ်းနှင့် အကျင့်တွေ စွဲကပ်နေခြင်း ဖြစ်တယ်။ အခုလက်ရှိ အခြေအနေနဲ့ ပြောရမယ်ဆိုရင် လူမျိုးကြီး ဝါဒစွဲခြင်း၊ ခေတ်အဆက်ဆက် ထိုင်ခုံ မပြောင်းလဲဘဲ အုပ်ချုပ်လိုခြင်း၊ မိမိကိုးကွယ်သော ဘာသာတရားမှလွဲပြီး တပါးသူ ယုံကြည်ကိုးကွယ် တဲ့ဘာသာကို မလေးစားခြင်း စသည်တို့လည်း အလားတူ အဓိပ္ပါယ် ဆောင်နေတယ်။ စပျစ်ရည်ဘူးသစ်ကတော့ ကောင်းကင်နိုင်ငံတော်နဲ့ ဆိုင်ရာသတင်းကောင်းဆိုတဲ့ ခရစ်တော်သခင်ရဲ့ သွန်သင်ဟောပြောချက် တွေဘဲဖြစ်တယ်။ ခရစ်တော်ကိုယ်တိုင်က “သတင်းကောင်း”ဖြစ်ပြီး (ရှင်လုကား ၄း၁၈)မှာ ဆင်းရဲသားတို့အတွက် ဝမ်းမြောက်စရာသတင်း၊ ချုပ်နှောင်ခံရ သူတွေအတွက် လွှတ်ငြိမ်းခြင်း၊ မျက်စိမမြင် သူတွေအတွက် အလင်းပြန်ရစေခြင်း၊ ဖိနှိပ်ခံရသူတွေကို ကယ်တင်ဖို့ စေလွှတ်ခံရကြောင်း ဖေါ်ပြထားတယ်။ ခရစ်တော်ရဲ့ ကောင်းကင်နိုင်ငံတော်နဲ့ ဆိုင်ရာ သတင်းကောင်းဟာ လွတ်လပ်ခြင်းနဲ့ ဆိုင်သော တရားတော်၊ အထူးသဖြင့်  မေတ္တာတရားကို အခြေခံပြီး  လူသားချင်း ကိုယ်ချင်းစာနာခြင်း၊ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းခြင်း၊ လူသားတိုင်းရဲ့ အခွင့်‌ရေးတို့ ပါဝင်တယ်။ ခရစ်တော်ကိုယ်တိုင် အသံမဲ့သူတွေအတွက် အသံ၊ မျက်နှာမရှိသူတွေ အတွက် မျက်နှာ၊ အဖိနှိပ်ခံနဲ့ အပယ်ခံလူသားတွေနဲ့ တစ်သားထဲ ရပ်တည်ပြီး ကိုယ်ပိုင် လူ့အခွင့်အရေး ပြန်ရစေတယ်။ ဒီနေ့ သမ္မာကျမ်းစာအားဖြင့် ကိုယ်တော်က သူ့ရဲ့စစ်မှန်သော အစာရှောင်ခြင်းနဲ့ ဆန့်ကျင်တဲ့ ဖါရီရှဲတို့ရဲ့ လက်တွေ့ ကိုယ်ကျင့်တရား မပါသော နည်းလမ်းကို ထောက်ပြပြီး “စပျစ်ရည်သစ်” နဲ့တူတဲ့ “အသက်တာသစ်”သို့ ပြောင်းလဲဖို့ သတိပေးခြင်း ဖြစ်တယ်။ ချစ်သောမိတ်ဆွေတို့  ကျွန်ုပ်တို့ကို ခရစ်တော်က အသက်သစ်၊ ဘဝသစ်ကို ပေးတဲ့ သခင်ရဲ့တရားတော်ကို နှလုံးသားသစ်နဲ့ လက်ခံဖို့ ဘုရားမနှစ်သက်သော အကျင့်ဟောင်းကို ချွတ်ခွာဖို့ သွန်သင်ခြင်း ဖြစ်တယ်။ ထောက်ရှုရန်မေခွန်း--ငါကိုယ်တိုင် ခရစ်တော် ခေါ်ဖိတ်တဲ့ အသစ်သော အသက်တာအတွက် နှလုံးတံခါးကို လိုလိုလားလား ဖွင့်ထားလား?

-ခေတ်သစ် ဖါရီ‌ဇေဦး အနေနဲ့  နှလုံးသားနဲ့ ကိုယ်ချင်းမစာဘဲ ကိုယ့်အမှားထက် တပါးသူကို လွယ်ကူစွာ တရားစီရင် နေလား?

#Sr.Regina Htoo Htoo (RGS)

Daily Reflection