Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-03 08:08:29
#စက်တင်ဘာလ (၄)ရက် / စနေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၆း ၁-၅)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သည်။”

ဥပုသ်နေ့ တစ်နေ့မှာ ခရစ်တော်သခင်နဲ့ တပည့်တော်ကြီးတွေ ဂျုံခင်းတွေကို ဖြတ်လျောက်ရင်း  ဂျုံနှံကို ဆွတ်ခူးပြီး လက်နဲ့  ပွတ်နယ် စားကြတယ်။ ခရစ်တော်သခင်ကို အပြစ်တင်ဖို့ တချိန်လုံး ချောင်းမြောင်းနေတဲ့ ဖါရီဇေဦး တချို့က ဒါကို အခွင့်ကောင်းယူပြီး  “သင်တို့သည် ဥပုသ်နေ့၌ မပြုအပ်သော အမှုကို အဘယ်ကြောင့် ပြုကြသနည်း” လို့ ဆိုကြတယ်။ ခရစ်တော် ဥပုသ်နေ့မှာ  ဥပဒေကို ဘယ်သူ ဖောက်မလဲ ဆိုပြီး မျက်စိ‌ ဒေါင့်ထောက် လိုက်ကြည့် နေမယ့်အစား အမှန်တကယ် ကျင့်အပ်တဲ့ စိတ်နေစိတ်ထား၊ အထူးသဖြင့် အတွင်းစိတ် နှလုံးသားရဲ့  ရည်ရွယ်ချက်ကို မီးမောင်း ထိုးပြတယ်။ ဥပုသ်နေ့ ဖြစ်ပေမယ့် ကိုယ်ပြုသော အမှုက ဘုရား မျက်မှောက်တော်မှာ ကောင်းနေတယ်ဆိုရင် ပြဿနာ မဟုတ်ပါ။ ဒါကြောင့် ဥပုသ်နေ့မှာ တပည့်တော်တို့ ဂျုံနှံကို ဆွတ်ခူးပြီး လက်နဲ့ ပွတ်နယ် စားကြတာ အပြစ်လို့ ပြောလို့ မရဘူး၊ စားခြင်း ဆိုတာက ဘုရား မျက်စိတော်နဲ့ ကြည့်ရင် ကောင်းနေတယ်။ ခရစ်တော်က ယဇ်ပူဇော်ခြင်းကို သနားကရုဏာ မရှိဘဲနဲ့ ပူဇော်မယ့်အစား သနားကရုဏာ မေတ္တာနဲ့သာ ပြုမူဖို့ သွန်သင်တယ်။ ဥပဒေဆိုတာ ကမ္ဘာကြီးအတွက် မရှိမဖြစ် လိုအပ်သလို ဥပ‌ဒေ ရှိရခြင်းကို သဘောပေါက်ဖို့ လိုတယ်။ ဥပ‌ဒေ ရှိရခြင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာကြီးက ကမ္ဘာပေါ်မှာရှိတဲ့ လူသား တစ်ဦးစီ၊ မိသားစု၊ ပြည်နယ်၊ တိုင်းပြည်၊ ကမ္ဘာကြီး  စသည်တို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သေချာစေတဲ့အရာ ဖြစ်တယ်။ ဖါရီဇေဦးတွေ ထောက်ပြချက်က  တဖက်သားရဲ့  အပြစ်ကို ဖေါ်ထုတ်ချင်တဲ့ ဇောဘဲရှိတယ်။ ခရစ်တော်သခင်က တွန့်ဆုတ်မှု မရှိတဲ့အပြင် ဒေးဗစ်နဲ့ အပေါင်းပါတို့  ဆာလောင်တဲ့အခါ ဘုရားရဲ့ အိမ်တော်ထဲဝင်ပြီး ရဟန်းက လွှဲပြီး ဘယ်သူမှ မစားသင့်တဲ့ ရှေ့တော်တင်မုန့်ကို စားခဲ့ကြောင်း ထောက်ပြတယ်။ ခရစ်တော်သခင် ကိုယ်တိုင်က ဖါရီဇေဦးတို့ အင်မတန် အာရုံဝင်စားပြီး ဥပဒေနဲ့ အမြဲချည်နှောင်တဲ့ ဥပုသ်နေ့နဲ့  ဘုရားကျောင်းဆောင်ထက် ကြီးမြင့်မြတ်ကြောင်း၊  “လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်တယ်” လို့ အားလုံးကို မိန့်တော်မူတယ်။ လက်ရှိအခြေအနေမှာလည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ချင်ပေမယ့် အထက်အမိန့် မရသေးလို့၊ လုပ်ထုံးလုပ်နည်းအရ အစည်းအဝေး ထိုင်နေသေးလို့၊ အထက်က ညွှန်ကြားခြင်း မရှိသေးလို့ ဆိုပြီး ပရဟိတ လုပ်ငန်းတွေ သဒ္ဓါတရားနဲ့ စွန့်ကြဲ ဝေမျှတာတွေ သိမ်းခံရခြင်း စတဲ့ ကျဥ်းမြောင်းလွန်းတဲ့ အရိုးစွဲ အလေ့အကျင့်တွေ ခါးသည်းစွာ ကြုံတွေ့ကြမှာပါ။ ဒါဟာ လူ့ကျင့်ဝတ်နဲ့ တရားသဘောထက် လူနည်းစုတစ်စု ဖန်တီးထားတဲ့  ဥပဒေ အလွဲသုံးစား ပြုခြင်းကို အဓိပ္ပါယ်မဲ့ သစ္စာခံကြလို့ ဖြစ်တယ်။ သင်လည်း စည်းကမ်း ဥပဒေတွေကို ဘုရားထက် ဦးစားပေးပြီး တစ်ပါးသူရဲ့ အားနည်းချက်တွေကို နားလည်ပေးဖို့ ခက်နေပြီး စီရင်ခြင်း ပြုနေလားတစ်ပါးသူရဲ့ တချိန်က အမှားတွေကိုသိပြီး နောင်တနဲ့ ဘဝသစ် ပြန်စတဲ့အခါ ဖေးမမယ့်အစား အတိတ်က အရိပ်တွေကိုဘဲ ပြန်ဖေါ်ထုတ်နေလား?

#Sr.Regina Htoo Htoo (RGS)

Daily Reflection