“ဥပုသ်နေ့၌ ကောင်းမှုကိုပြုအပ်သလော?” သခင်ခရစ်တော် ဥပုသ်နေ့မှာ လက်တစ်ဖက် သေနေတဲ့သူကို ကုသခြင်းနဲ့ ပတ်သက်ပြီး ဖါရီဇေဦးတွေအတွက် အပြစ်တင် ဝေဖန်ဖို့ အခွင့်ကောင်းတစ်ခု ဖန်တီးပြန်တယ်။ သခင်ခရစ်တော်ကို ပြစ်တင်ခွင့်ရဖို့ အမြဲစောင့်ကြည့်ရခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေက “မနာလိုခြင်း” ကြောင့် ဖြစ်တယ်။ လူသားတို့ လိုအပ်ချက်ကို မေတ္တာနဲ့ တုံံ့ပြန်ပြီး အချိန်မရွေး ကုသခြင်း ပေးနေတဲ့ ခရစ်တော်ရဲ့ လူထုကြားမှာ ကျော်ကြားလာခြင်းက ဖါရီဇေဦးအတွက် စိတ်အနှောက်အယှက် ဖြစ်နေတယ်။ “မနာလိုခြင်း” ဖြစ်နေတာကိုလည်း သိက္ခာကျမှာစိုးလို့ ယုတ္တိရှိအောင် အများတကာနဲ့ သတ်မှတ်ထားတဲ့ ဥပဒေ စည်းကမ်းတွေကို အသုံးချတယ်။ သူတို့တွေရဲ့ အတွင်း မနှောကို ထိုးထွင်း သိမြင်တဲ့ ခရစ်တော်သခင်က ရဲဝံ့စွာနဲ့ လူထုအကြား မတ်တတ်ရပ်ပြီး “ဥပုသ်နေ့မှာ ကောင်းမှုကို ပြုအပ်သလော သို့မဟုတ် မကောင်းမှုကို ပြုအပ်သလော? လူ့အသက်ကို ကယ်အပ်သလော သို့မဟုတ် သတ်အပ်သလော?” လို့ မေးခွန်း ထုတ်လိုက်တယ်။ ဒီမေးခွန်းကို ပရိယာယ်များတဲ့ ဖါရီဇေဦးတွေ မဖြေရဲဘဲ တိတ်ဆိတ် နေကြသလို ခရစ်တော်သခင်ရဲ့ သနားကြင်နာမှုကို မျက်ဝါးထင်ထင် တွေ့မြင်နေတဲ့ လူထုလည်းဘဲ တိတ်ဆိတ်နေတယ်။ မိမိကိုယ်ကို အလွန်တန်ဖိုးထားပြီး ဥပဒေကို အသေးစိတ်ကအစ လိုက်နာကြောင်း ပြသနေတဲ့ ဖါရီဇေဦးတွေအတွက် ခရစ်တော်ရဲ့ နည်းလမ်းတွေဟာ ဆန့်ကျင်ဖက် ဖြစ်နေတယ်။ ဥပုသ်နေ့မှာ လူ၊ ဥစ္စာပစ္စည်း၊ အိမ်၊ လယ်ယာ၊ ကျွဲနွား တိရိစ္ဆာန် ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်နေရင်တောင် ဥပဒေဟာ ဥပဒေဘဲ။ (သူတို့ပိုင် ဥစ္စာပစ္စည်း အတွက်ဆိုရင် လူသူမသိတဲ့ နည်းလမ်းတွေ သုံးမှာပေါ့နော်)။ ဒါကြောင့် လူ့အသက်ကို အရာအားလုံးထက် တန်ဖိုးထားသူ၊ ချစ်ခြင်းမေတ္တာကို အကြီးမြတ်ဆုံး အရာလို့ ခံယူထားတဲ့ ခရစ်တော်ရဲ့ ဥပုသ်နေ့မှာ ကုသခြင်း (လက်တွေ့ပါသော တရားဟောခြင်း)ကို ဘယ်လိုမှ လက်ခံလို့မရ ဖြစ်နေပြီး ဥပဒေကို ကျူးလွန်သူလို့ဘဲ မြင်တယ်။ ချစ်သော မိတ်ဆွေတို့ ဒီနေ့သမ္မာကျမ်းစာ အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဆင်ခြင်ထောက်ရှုဖို့ ဖိတ်ခေါ်နေတယ်။
ကျွန်ုပ်တို့ ဘဝမှာလည်း တစ်ပါးသူကို “မနာလို ဝန်တိုစိတ်” နဲ့ ဆက်ဆံပြီး မိမိသာလျှင် အကြီးမြတ်ဆုံးလို့ ထင်ခဲ့မိလား?
ဖိနှိပ်ခံ ဆင်းရဲသားတွေ၊ လူ့အသိုင်းအဝိုင်းရဲ့ စွန့်ပယ်ခံသူတွေ မတရားမှုနဲ့ ရင်ဆိုင်ရတဲ့အခါ သင်ဘယ်လို ကူညီခဲ့ပါသလဲ?
မိမိကိုယ်တိုင်ရော ဘယ်ရောဂါမျိုးကို ကုသခြင်း ခံလိုပါသလဲ? အထူးသဖြင့် စိတ်အတွင်းမှာ စွဲကပ်ပြီး လူသား အချင်းချင်းအပေါ် မထားအပ်သော နတ်ဆိုး ကြိုက်နှစ်သက်တဲ့ ရောဂါဆိုးတွေကို ကုသခြင်း ခံလိုပါသလား?
ဆိတ်ငြိမ်တဲ့ အချိန်လေး မိမိကိုယ်တိုင် ကြိုးစားရှာပြီး ကိုယ်ရဲ့ မာန၊ ဒေါသ၊ မနာလို ဝန်တိုမှုတွေကို ချစ်ခြင်းမေတ္တာရှင် ခရစ်တော်သခင်ရဲ့ ကုသခြင်း ခံရအောင် စိတ်နှလုံးတံခါးတွေ ဖွင့်ထားကြပါစို့။ သင်နဲ့ကျွန်ုပ် ပြောင်းလဲရမယ့် အချိန်ဟာ အခုဘဲ ဖြစ်တယ်။ ပြောင်းလဲပြီး ဝိညာဥ် အသက်တာသစ် တည်ဆောက်ဖို့ အခွင့်အရေးလည်း ရှိတယ်။
#Sr.Regina Htoo Htoo (RGS)