“ဒါဝိတ်၏သား ဂျိုးဇက်၊ မာရီးယားကို သင်၏ဇနီးအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့လေနှင့်” ခရစ်တော်သခင် မွေးဖွားခြင်း သမိုင်းကို ကျွန်ုပ်တို့ ကြိမ်ဖန်များစွာ ကြားရတယ်။ ဒီနေ့ ဧဝံဂေလိကျမ်းကနေ စိန့်ဂျိုးဇက်နဲ့ မယ်တော် မာရိယာတို့ ကယ်တင်ခြင်း သမိုင်းမှာ ဘယ်လောက် အရေးပါလဲ? အထူးသဖြင့် စိန်ဂျိုးဇက်ရဲ့ ကယ်တင်ခြင်း သမိုင်းမှာ အဓိက ဇတ်ကောင် အနေနဲ့ ပါဝင်ခဲ့တာကို လေးလေးနက်နက် ထောက်ရှု စဥ်းစား ကြပါစို့။ ဂျိုးဇက်အနေနဲ့ သူစေ့စပ် ကြောင်းလမ်းထားပြီး ဖြစ်တဲ့ မာရိယာမှာ ကိုယ်ဝန် စွဲနေကြောင်း ကြားသိရတော့ လူသားပီပီ ကိုယ်နဲ့ မရတဲ့ ကိုယ်ဝန်ကို တာဝန်ယူဖို့ ခက်မှာဘဲ။ တိတ်တဆိတ် စွန့်ခွာဖို့ ရည်ရွယ်ခဲ့ပြီး စိတ်ဇဝေဇဝါ ရှုတ်ထွေး နေချိန်မှာ ကောင်းကင် တမန်တော်က အိမ်မက်ထဲ ထင်ရှား ပြတယ်။ “ဒါဝိတ်၏သား ဂျိုးဇက်၊ မာရိယာကို သင်၏ ဇနီးအဖြစ် ထိန်းသိမ်း စောင့်ရှောက်ရန် မကြောက်ရွံ့လေနှင့်” လို့ဆိုပြီး မာရိယာ ဝမ်းထဲရှိနေတဲ့ ပဋိသန္ဓေဟာ ဝိညာဥ်တော်မြတ် အားဖြင့်သာ ဖြစ်ကြောင်း၊ ကယ်တင်ရှင်ကို မာရိယာမှ ဖွားမြင်ခြင်းအားဖြင့် ထာဝရဘုရား ပေးခဲ့တဲ့ ဗျာဒိတ်တော် ပြည့်စုံစေမယ့် အကြောင်း မိန့်တော်မူတယ်။ ဘုရားကို အကြွင်းမဲ့ ယုံကြည်သူ ဂျိုးဇက်ဟာ မာရိယာကိုလည်း ယုံကြည်တဲ့အတွက် ဘုရားသားတော် ယေဇူးသခင်ကို မိမိလက်၌ ဝကွက် အပ်နှံခြင်း ခံရပြီး ဘုရားသားတော်ကို ဖခင်မေတ္တာနဲ့ ပြုစုစောင့်ရှောက်ဖို့ လက်ခံလိုက်တယ်။ ရဟန်းမင်းကြီး ဖရန်စစ်ကလည်း စိန့်ဂျိုးဇက်နဲ့ ပတ်သက်ပြီး ”စိန့်ဂျိုးဇက်ဟာ မိမိအိမ်မှာ ကြီးပြင်းလာသော မက်ဆီးယားရှင် သခင်အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာအားဖြင့် သူ၏ ဖခင်ဘဝကို တိကျစွာ ဖေါ်ပြတယ်”လို့ ဆိုထားပါတယ်။ မာရိယာ နေရာမှာနေပြီး စဥ်းစားကြည့်ရင် ကောင်းကင် တမန်တော်က အမိန့်တော် ပြန်တဲ့အချိန်မှာ ဘယ်လောက် အံ့သြစိုးရိမ်ပြီး စိတ်လှုပ်ရှား နေမှာလဲ? သူမနဲ့ စေ့စပ်ကြောင်းလမ်းထားတဲ့ ဂျိုးဇက်ကို ဖွင့်ပြောဖို့လည်း ခက်နေမှာဘဲ။ ဘုရားရှင်ရဲ့ ကယ်တင်တော်မူခြင်း မဟာစီမံကိန်းကို သိရှိရပြီးနောက် ကြောက်ရွံ့ စိုးရိမ်ခြင်းထက် အရာအားလုံးကို ရင်ဆိုင်ဖို့ အင်အားရှိတဲ့အပြင် မိမိကိုယ်ကို နှိမ့်ချပြီး “ဘုရားသခင် အလိုတော်အတိုင်း ကျွန်မ၌ ဖြစ်ပါစေ” လို့ တုံံ့ပြန်ခဲ့တယ်။ မာရိယာက ကယ်တင်ရှင်ကို သူမဝမ်းကြာသိုက်မှာ နေရာပေးလိုက်ခြင်း၊ မာရိယာ၌ ဘုရားပြုသော အမှုကို ဂျိုးဇက် လက်ခံပြီး ဖခင်မေတ္တာနဲ့ သားတော်ကို စောင့်ရှောက် နိုင်ခြင်းတွေက ကောင်းကင် တမန်အားဖြင့် ကြားရတဲ့ ဘုရားသခင်ရဲ့ သတင်းစကားကို အကြွင်းမဲ့ ယုံကြည်လို့ ဖြစ်တယ်။ ဒီနေ့ခရစ်တော်သခင်က ကျွန်ုပ်တို့ အားလုံးကို သူ့ရဲ့ အဆုံးမရှိသော ချစ်ခြင်းနိုင်ငံတော် ဆက်ပြီး တည်တံ့ဖို့၊ လူသားကို အစေခံတဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ နေ့တိုင်း ဖိတ်ခေါ် နေပါတယ်။ ဘုရားရဲ့ သတင်းစကားနဲ့ အလင်းတော်ကို ကြားသိနိုင်ဖို့ ကမ္မဌာန်း ထောက်ရှုခြင်း၊ နှလုံးသားထဲက စကားတွေကို ဆိတ်ငြိမ်ခြင်း၌ ပြန်နားထောင်ခြင်း မှတဆင့် ရနိုင်ပါတယ်။
မိမိဘဝမှာလည်း မမျော်လင့်ဘဲ ရှုတ်ထွေး ကြောက်လန့်စရာ ကောင်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လို တုံ့ပြန်ပါသလဲ? ဘုရားအပေါ်ထားတဲ့ ယုံကြည်ခြင်း ပြောင်းလဲသွားသလား?
#Sr.Regina Htoo Htoo (RGS)