Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-08 08:00:55
#စက်တင်ဘာလ (၉)ရက် / ကြာသပတေးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကား (၆း ၂၇-၃၈)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“သင်တို့၏ ရန်သူများကို ချစ်ကြလော့၊ သင်တို့ကို နှိပ်စက်ညှင်းဆဲသော သူတို့အတွက် ဆုတောင်းပေးကြလော့” ဒီနေ့ကျမ်းစာထဲက သတင်းစကားကို ကြည့်ရင် အကြီးမားဆုံးသော စိန်ခေါ်မှုလို့ ပြောရင်မမှားဘူး။ ပုတုစဥ် လူသားတွေ အနေနဲ့ မိမိကို နစ်နာအောင် မ‌ကောင်းပြုသူကို ဘယ်လို မေတ္တာ တုံ့ပြန်နိုင်မှာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာ ရှိတယ်။ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို ယုံကြည်သူ ခရစ်တော် နောက်လိုက်များ အနေနဲ့ တစ်ခြား ယုံကြည် ကိုးကွယ်သော သူများနဲ့ ခြားနားချက်က “ဘုရားထံမှ လာတဲ့ ပါရမီ ကျေးဇူးတော် ရရှိနေခြင်း” ဖြစ်တယ်။ မေတ္တာပါသော ကြင်နာခြင်းနဲ့ သနားညှာတာခြင်းတွေဟာ ခရစ်တော် နောက်လိုက်တွေရဲ့  ထူးခြားတဲ့ ပါရမီ ဖြစ်တယ်။ ခရစ်တော်ကိုယ်တိုင် “ချစ်ခြင်းမေတ္တာ”ကို ကျွန်ုပ်တို့ ကျင့်ဖို့ အကြီးမားဆုံး ပညတ်အနေနဲ့ ထားခဲ့တယ်။ ဒီနေ့ ခရစ်တော်သခင် ရန်သူကို ချစ်ပါလို့ ပြောတဲ့စကားမှာ လုံလောက်တဲ့ အဖြေ ရှိတယ်။ အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားရှင်ဟာ ကောင်းသူ၊ ဆိုးသူ အားလုံးကို တူညီသော အခွင့် တူညီသော အချစ်နဲ့ ချစ်တယ်။ ခရစ်တော်က “ခံစားချက်” ထက် “စိတ်စွမ်းအား” ကို  ဦးစားပေး ပြောခြင်း ဖြစ်တယ်။ ကိုယ့်ကို နာကျင်အောင် လုပ်တဲ့သူ၊ မနှစ်သက် သူတွေအတွက် ဆုတောင်းပေးပြီး ချစ်ခိုင်းတာက ကိုယ့်မှာရှိတဲ့ “divine quality” ကို ပြသဖို့ ဖြစ်တယ်။ ဆိုလိုတာက ဘုရားရဲ့ ရွှေပုံသဏ္ဌာန်နဲ့ ဖန်ဆင်းခံထားတဲ့ ကျွန်ုပ်တို့မှာ ဘုရားလို ကောင်းမြတ်တဲ့ ပါရမီ အရည်အချင်းတွေ ရှိတယ်။ ဘုရားရဲ့ ချစ်ခြင်းက အကန့်အသတ် မရှိ၊ ရွေးချယ်ခြင်းလဲ မရှိဘူး။ ကျွန်ုပ်တို့ရဲ့  မြင့်မြတ်တဲ့ အပြုအမူတွေကို ဘုရားမြင်လိုပြီး ကျွန်ုပ်တို့လည်း တစ်ပါးသူရဲ့ ကောင်းမြတ်ခြင်းတွေကို  မြင်တတ်ဖို့ သင်ပေးတယ်။ လူအနေနဲ့ ကိုယ့်ကို မေတ္တာရှိသူတွေကို နှစ်သက်ပြီး ကြင်နာသနား နိုင်ပေမယ့် မိမိကို အလွဲသုံးစား ပြုသူ၊ အတ္တကြီးပြီး ကျေးဇူး မသိတတ် သူတွေကို မေတ္တာထားဖို့ ခက်တယ်။ ခရစ်တော်ရဲ့ တရားမှာ ရန်လိုသူတွေ အတွက် ဆုတောင်း မေတ္တာ ပို့ခြင်းဟာ ကလဲ့စား ချေလိုစိတ်ကို ချုပ်တည်း နိုင်သလို   အကောင်းနဲ့ တုံံ့ပြန်နိုင်တဲ့ မေတ္တာစွမ်းအား တန်ခိုးကို ပြနိုင်တယ်။ ခရစ်တော်ရဲ့ သွန်သင်မှုကို ဆင်ခြင်ပြီး  မိမိကိုယ်ပိုင် အစွမ်းနဲ့ ဘုရား နည်းလမ်းအတိုင်း မတတ်နိုင်ပေမယ့် ဘုရားရှင်ရဲ့ အကူအညီအားဖြင့် လုပ်ဆောင်နိုင်ကြောင်း “ဘုရားသခင်မူကား ခပ်သိမ်းသော အရာတို့ကို တတ်နိုင်တော်မူ၏” လို့ (ရှင်မာတေဦး ၁၉း ၂၆) မှာ မိန့်တော်မူတယ်။ သန့်ရှင်းသော ဝိညာဥ်တော် ဘုရားကို ယုံကြည် လက်ခံသူတွေကို ဘုရားရှင်က ထူးခြားသော ပါရမီ စွမ်းအားတွေ ပေးပြီး ဘုရားရဲ့ မေတ္တာက နာကျင်မှု၊ ကြောက်ရွံ့မှု၊ ယုံမှားသံသယရှိမှုနဲ့ ပူဆွေးသောက ရောက်မှုတွေ အားလုံးကို အောင်မြင်နိုင်တယ်။ ဘုရား သားသမီး ဖြစ်ခွင့်ရတဲ့ ကျွန်ုပ်တို့ အားလုံး အတွင်းစိတ် လွှတ်မြောက်ခြင်းနဲ့ လက်ရှိ ရန်သူ အကြီးကြီးကို ချစ်နိုင်ဖို့ ကိုယ်နဲ့ အနီးစပ်ဆုံး မိသားစုကနေ ချစ်ခြင်းမေတ္တာ ပြန်လည် ဖေါ်ထုတ်ကြပါစို့။ မိမိကို အနိုင်အထက် ပြုပြီး ညှင်းပမ်း နှိပ်စက်သူကို ခွင့်လွှတ်ဖို့ ခက်ပေမယ့် ကျွန်ုပ်တို့ ကိုယ်တိုင်က မိမိရဲ့ တစ်ပါးသူတွေ အပေါ်  အနိုင်အထက် ပြုပြီး ညှင်းပမ်းမှု ပြုနေတာကို မေ့လျော့တတ်တယ်။ တစ်ပါးသူ ကိုယ့်ကို ကြောက်ပြီး ရွံမုန်းတာလည်း ရှိမှာဘဲ။

သင်ရဲ့ နာကျင်မုန်းတီး ကလဲ့စားချေလိုခြင်း၊ ခါးသည်းသော ခံစားချက်တွေကနေ လွှတ်မြောက်ပြီး မကောင်းမှုမှ ကောင်းမှုသို့  ပြန်လှည့်နိုင်တဲ့ စွမ်းအားရအောင် ခရစ်တော်ရဲ့ လက်ဝါးကားတိုင်သာ တတ်စွမ်း နိုင်တယ် ဆိုတာ လက်ခံပါသလား?

#Sr.Regina Htoo Htoo (RGS)

Daily Reflection