“သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့” ခရစ်တော်သခင် ဒီနေ့ သမ္မာကျမ်းစာအားဖြင့် တပည့်တော်တွေနဲ့ ကျွန်ုပ်တို့ အားလုံးအတွက် သင်္ခန်းစာ ပေးနေတယ်။ “သင်တို့ သူတစ်ပါး အပြစ်ကို စီရင်ဆုံးဖြတ်ခြင်း မပြုကြနဲ့၊ သင်တို့ စီရင်ဆုံးဖြတ်တဲ့ အတိုင်း သင်တို့လည်း စီရင်ဆုံးဖြတ်ခြင်း ပြန်ခံရမယ်” လို့ သခင်ခရစ်တော် သတိပေးခြင်းက ကျွန်ုပ်တို့အတွက် ခက်ခဲတဲ့ စိန်ခေါ်ခြင်း ဖြစ်တယ်။ သူတစ်ပါးကို လွယ်လွယ်နဲ့ စီရင်ဆုံးဖြတ်တတ်တဲ့ အကျင့်က မွေးရာပါ အကျင့်တစ်ခုလို ဖြစ်နေတော့ ချက်ချင်း ရပ်ပစ်ဖို့ ခက်တတ်တယ်။ ကျွန်ုပ်တို့ ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ကိုယ် “စံ”ထားတဲ့အရာ၊ ယုံကြည်ရာ၊ တန်ဖိုးနဲ့ ထုံးတမ်းစဥ်လာတွေ မတူညီကြဘူး။ အထူးသဖြင့် မိမိတို့ ငယ်ရွယ်တုန်းက သင်ကြားထားတဲ့ မိသားစုရဲ့ ”စံ” ကို ကိုင်ပြီး တစ်ပါးသူကို လျင်မြန်စွာနဲ့ ဆုံးဖြတ် စီရင်တတ် ကြတယ်။ ဒီအကျင့်တွေက တစ်ချို့တွေမှာ ကြီးလာတဲ့အထိ ပါလာပြီး “ကိုယ့်စံ” က မရှိမဖြစ် အရေးကြီးတဲ့ အရာဖြစ်ပြီး တစ်ပါးသူကိုလည်း ဒီ”စံ”နဲ့ဘဲ တိုင်းတာတယ်။ ငယ်ရွယ်တုန်းက သင်ကြားရတာတွေက မကောင်းဘူးလို့ မဆိုလိုပေမယ့် ချို့ယွင်း အားနည်းချက် ရှိတဲ့ စံနှုန်းတွေ ရှိတတ်သလို အချိန်အခါ ပြောင်းလဲတာနဲ့အမျှ ပြန်ညှိယူ ရတာလည်း ရှိတယ်။ မိမိကိုယ်ကိုသာ အထင်ကြီးပြီး တစ်ပါးသူကို အထင်သေး ဆုံးဖြတ်ခြင်းဟာ “အတ္တမာနတရား”ကို လက်ကိုင် ထားကြလို့ ဖြစ်တယ်။ ခရစ်တော်က အပြစ်သို့ ရောက်စေတဲ့ “မာနတရား”ကို သတိတရားရှိဖို့ ကျွန်ုပ်တို့ကို သွန်သင်တယ်။ ဒီမာနက ကိုယ့်မှာရှိတဲ့ အလေးအနက် ထားရမယ့် အပြစ်တွေကို မမြင်ဘဲ တစ်ပါးသူမှာရှိတဲ့ သာမန် အားနည်းချက်ကို ပုံကြီးချဲ့ပြီး မြင်စေတယ်။ မိမိကိုယ်ကို ရိုးသားစွာ အရှိအတိုင်း ပြန်သုံးသပ်နိုင်ဖို့၊ မိမိ ဩတ္တပစိတ်ကို ပြန်စစ်ဆေးဖို့ အတားအဆီး ဖြစ်ပြီး အမှန်တရားကို မမြင်နိုင်တဲ့ မျက်ကန်း ဖြစ်စေတယ်။ ဒါကြောင့် ခရစ်တော်သခင်က “ဘာကြောင့် ကိုယ့်မျက်စိထဲမှာ သစ်တုံး ပိတ်ဆို့နေတာကို အရင်မထုတ်ဘဲ တစ်ပါးသူရဲ့ မျက်စိထဲက သစ်သားအစကို ထုတ်ဖို့ ကြိုးစားနေရတာလဲ”လို့ ပြောပြီး “သူတော်ကောင်း ယောင်ဆောင်သူ၊ သင်၏ မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်ညီအစ်ကို၏ မျက်စိထဲက သစ်သားစကို ထုတ်ပေးရန် ကောင်းစွာ မြင်နိုင်ပေမည်” လို့ ရှင်းလင်းစွာ သွန်သင်တယ်။ အလွယ်တကူ တစ်ပါးသူ အပြစ်ကို မြင်တတ်တဲ့ အကျင့်ဆိုးကို စွန့်လွှတ်ဖို့ ကျွန်ုပ်တို့ကို ခရစ်တော်သခင် ဖိတ်ခေါ်နေတယ်။ ချစ်သော မိတ်ဆွေတို့ တရားစီရင်ခြင်း အမှုဟာ ဘုရားသခင်ရဲ့ အလုပ်ဘဲ ဖြစ်တာကို သဘောပေါက်ပြီး ကျွန်ုပ်တို့ မိမိကိုယ်ကို အမှန်တကယ် သိရှိပြီး ရိုးသားစွာနဲ့ ကိုယ့်အမှားကို မြင်နိုင်အောင် ကြိုးစားကြစို့။ သူတစ်ပါး အပြစ် အားနည်းချက်ကို အရင်ဆုံး မြင်တော့မယ်ဆိုရင် မကြာမကြာ မိမိကိုယ်ကို ကြင်နာစွာ သတိပေးပြီး သူတစ်ပါးကို မစီရင်ဖို့ ပြုနိုင်ပါတယ်။ သင်ဟာ မိမိရဲ့ Vulnerability (အားနည်းချက်၊ ပျော့ကွက်)တွေကို လိုလိုလားလား ထွေးပွေ့နိုင်ပြီး အတွင်းစိတ်ရဲ့ လွတ်မြောက်ခြင်းကို ရယူလိုပါသလား? (ကိုယ့်မှာ Vulnerability ရှိခြင်းက ဘုရား ဘုန်းတော် ထင်ရှားဖို့ ဖြစ်တယ်)
#Sr.Regina Htoo Htoo (RGS)