“ယောန၏သား ဆီမုန်၊ ငါ့နောက်သို့ ဆုတ်လော့” ဒီနေ့ ကျမ်းစာတော်မှာ ခရစ်တော်ရှင် သူ့ရဲ့ တပည့်တော်တွေကို “လူအပေါင်းတို့သည် ငါမည်သူ ဖြစ်သည်ဟု ဆိုကြသနည်း?လို့ မေးတော်မူတဲ့အခါ “အချို့က ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေရေမိယ၊ ပရောဖက် တစ်ပါးပါး ဖြစ်ကြောင်း ပြောဆိုကြပါသည်”လို့ ပြန်ဖြေကြတယ်။ ခရစ်တော်က သူ့ရဲ့ နောက်လိုက်တွေ မိမိကို ဘယ်လို သိထားသလဲ ဆိုတာ သိလိုတာကြောင့် “သင်တို့လည်း ငါမည်သူ ဖြစ်သည် ဟူ၍ ပြောဆိုကြသနည်း” ဆိုတဲ့ မေးခွန်း မေးလိုက်တယ်။ ဒီအချိန်မှာ ပေတရူးက “ကိုယ်တော်သည် အသက်ရှင်သော ဘုရားသခင်၏ သားတော်တည်း ဟူသော ခရစ်တော် ဖြစ်ပါသည်” လို့ လျှောက်ဆိုတယ်။ ခရစ်တော်ရဲ့ ဘုရားဇာတိကို ပေတရူး ကနေ ထုတ်ဖော် လိုက်တယ်။ ပေတရူးရဲ့ အဖြေကိုကြားတဲ့ ခရစ်တော်က "ယောနရဲ့သား စီမွန်၊ သင်သည် မင်္ဂလာ ရှိတယ်၊ ပျော်ရွှင်သောလူ ဖြစ်တယ်။ ဒီဖော်ပြချက်က ငါ့ခမည်းတော်က သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် သင့်အား ဖော်ပြခြင်း ဖြစ်တယ်" လို့ ဆိုတယ်။ တဆက်ထဲမှာ ခရစ်တော်သခင်က “သင်သည် ပေတရူး ဖြစ်၏၊ ဤကျောက် ပေါ်မှာ ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ ဤအသင်းတော်ကို ငရဲတံခါးတို့ မအောင်နိုင်ရ။ ကောင်းကင်နိုင်ငံ သော့ကို သင့်အား ငါပေးမည်” လို့မိန့်ဆိုပြီး မိမိဟာ ခရစ်တော်သခင် ဖြစ်ကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ကြပ်တည်းစွာ မှာကြားလိုက်တယ်။ ဒီနေ့ ကျမ်းစာရဲ့ နောက်ပိုင်းမှာ ခရစ်တော်က သူ့ရဲ့သေခြင်းနဲ့ ရှင်ပြန် ထမြောက်ခြင်းကို ပြောပြ လိုက်တယ်။ ဒီအချိန်မှာ ခရစ်တော်ရဲ့ ဘုန်းတန်ခိုးတော်ကို သိရှိထားတဲ့ တပည့်တော်တွေအတွက် ဇဝေဇဝါ စတင် ဖြစ်ပေါ်လာတယ်။ ကိုယ်တော်က မိမိရဲ့ ဒုက္ခစရိယာ ကားတိုင်ထမ်းရမယ့် အချိန်၊ သေခြင်းနဲ့ ရှင်ပြန် ထမြောက်ခြင်းတွေ မလွဲမသွေ ဖြစ်လာမှာ သိလို့ တဖြည်းဖြည်း ပြင်ဆင်နေတာကို ပေတရူးက “ဤအဖြစ်အပျက်သည် ကိုယ်တော့်အပေါ် မကျရောက်စေရန် ဘုရားသခင် တားမြစ် တော်မူပါစေ” လို့ ကန့်ကွက် ပြောဆိုလိုက်တယ်။ သခင်က ချက်ချင်းဘဲ လှည့်ပြီး ပေတရူးကို “အချင်း ဆာတန်၊ ငါ့နောက်သို့ ဆုတ်လော့၊ သင်သည် ငါ့အတွက် အတားအဆီး ဖြစ်၏” လို့ဆိုတယ်။ ဘာကြောင့် ခရစ်တော် ပြောရလဲဆိုရင် ခရစ်တော်ရဲ့ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ရှေးပရောဖက်တွေ ကြိုတင် ဟောထားပြီး လူသား အားလုံး ကယ်တင်ခြင်း စီမံကိန်းဟာ ကောင်းကင်က ပြင်ဆင်ပြီးသား ဖြစ်တာကို သခင်နဲ့ အမြဲရှိခွင့် ရနေတဲ့ တပည့်တော်က ငြင်းဖို့ ပြောလာတော့ ပေတရူးကို တုံ့ပြန်လိုက်ခြင်း ဖြစ်တယ်။ လောကုတ္တရာ အရေးအတွက် စိတ်နှလုံး ပျော်ရွှင်သော သူတွေဟာ သန့်ရှင်းသော ဝိညာဥ်တော်နဲ့ ပြည့်ဝပြီး လောကီ အရာမှာဘဲ စိတ်စွဲလန်းနေရင် အတ္တသားကောင်တွေ အဖြစ် ဝိညာဥ်တော်လမ်းညွှန်မှု မခံယူတဲ့အတွက် ဘုရားရဲ့ စီမံကိန်းနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတတ်တယ်။ ပေတရူးက ကျွန်ုပ်တို့ အားလုံးကို ကိုယ်စားပြုပြီး သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် အမှန်တရားကိုဖော်ထုတ် သက်သေ ခံနိုင်သလို၊ လူ့ဇာတိ လွှမ်းမိုးတဲ့ အချိန်မှာ "အချင်း ဆာတန်၊ ငါနောက်သို့ ဆုတ်လော့”လို့ သခင် သတိပေးခြင်း ခံရမယ်။
ကျွန်ုပ်တို့ တစ်ယောက်ချင်းစီလည်း သန့်ရှင်းသော ဝိညာဥ်တော်နဲ့ ပြည့်ဝပြီး မေတ္တာနိုင်ငံအတွက် ဘုရားအသုံးတော်ခံများ ဖြစ်ရအောင် ယုံကြည်ခြင်း ပိုပြီးနက်ရှိုင်းသော အသက်တာကို ပိုင်ဆိုင်နေပြီလား?
#Sr Regina Htoo Htoo (RGS)