“သခင်၊ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကိုယ်တော် ကြွဝင်တော်မူခြင်းကို အကျွန်ုပ် မခံထိုက်ပါ” ဒီစကားစုလေးကို ကျွန်ုပ်တို့ ရင်းနှီးပြီးသား ဖြစ်တယ်။ လူတစ်ရာ တပ်မှူးရဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းကို ခရစ်တော်သခင် အံ့သြစွာ ချီးမွမ်းသလို ကက်သလစ် အသင်းတော်ရဲ့ နေ့စဥ် မစ္ဆားပူဇော်ချိန် အတွင်း ကိုယ်တော်မြတ် မပင့်ယူခင်မှာ ရွတ်ဆိုဖို့ ဒီစကားကိုအသုံးပြုထားတယ်။ လူတစ်ရာ တပ်မှူး ဖြစ်ပေမယ့် ကိုယ်တိုင် ခရစ်တော် သခင်ထံ ချဥ်းကပ်ပြီး သူ့လက်အောက် ငယ်သား တစ်ယောက် ကုသခြင်း ခံရဖို့ တောင်းဆိုတယ်။ ခရစ်တော် သခင်လည်း လူနာဆီ အိမ်တိုင်ရာရောက် သွားပြီး ကုသဖို့ မိန့်တော်မူတဲ့အခါ တပ်မှုးက သူ့ရဲ့အိမ်မိုး အောက်ထဲ ကိုယ်တော် ကြွဝင်ဖို့ မထိုက်တန်ကြောင်း၊ အဝေးကနေ အမိန့်တော် တစ်ခွန်းထဲ စေလွှတ်ရုံနဲ့ သူ့တပည့်ရဲ့ ရောဂါ ကုသခြင်း ခံရမှာကို ယုံကြည်ကြောင်း နှိမ့်ချစွာ လျှောက်တင်တယ်။ သူလို မင်းအာဏာစက် အောက်မှာတောင် သူ့အမိန့်ကို လက်အောက် ငယ်သားတွေက အမိန့်အတိုင်း နာခံပြီး အလုပ် ပြီးမြောက်စေတယ်။ သခင်လို ဘုန်းတော်ရှင်ရဲ့ အမိန့်တော်ကို လုံးဝ အကြွင်းမဲ့ ယုံကြည်ကြောင်း လျှောက်တင်တဲ့အခါ ခရစ်တော်သခင် ကိုယ်တော်တိုင် လူအုပ်ကြီးကို ကြည့်ပြီး “ဒီလောက် ကြီးမားတဲ့ ယုံကြည်ခြင်းကို အစ္စရာအဲလ်လူမျိုး ထဲမှာတောင် ငါမတွေ့ဖူးသေး”လို့ ချီးမွမ်းလိုက်တယ်။ လူတစ်ရာ တပ်မှူးလည်း သူ့ရဲ့ ယုံကြည်ခြင်းအတိုင်း သူ့အစေခံ ရောဂါ ပျောက်ကင်းခွင့် ရခဲ့တယ်။အင်မတန် လှပတဲ့ သင်ခန်းစာကို ကျွန်ုပ်တို့ အတွက် ကျမ်းစာထဲမှာ ဖေါ်ပြထားပါတယ်။ တပ်မှူးရဲ့ အိမ်မှာ ခရစ်တော်သခင် ကြွမြန်း ရလောက်အောင် မထိုက်တန်ကြောင်း ကြီးမားသော နှိမ့်ချခြင်း၊ ခရစ်တော် သခင်ရဲ့ စကားတစ်ခွန်းနဲ့တင် သူ့ရဲ့အစေခံ ရောဂါ ပျောက်ကင်းမယ်ဆိုတဲ့ လူတစ်ရာ တပ်မှူးရဲ့ အကြွင်းမဲ့ယုံကြည်ခြင်း ဆိုတဲ့ ပါရမီတွေ ကျွန်ုပ်တို့ကို အားပေးနေတယ်။ ကျွန်ုပ်တို့ ဘဝမှာ တစ်ခါတလေ ဆုတောင်းပေမယ့် မပြည့်တဲ့ အချိန် ရှိကောင်း ရှိပါလိမ့်မယ်။ ကျမ်းစာထဲက အဖြစ်အပျက်လို ချက်ခြင်း လက်ငင်း မဖြစ်ဘဲ “ရသင့်တဲ့အချိန်” တစ်ခုကို စိတ်ရှည်ခြင်းနဲ့ စောင့်နိုင်ဖို့ လိုတယ်။ ကျွန်ုပ်တို့နဲ့ အတူ အမြဲရှိနေသော ဘုရားက ကျွန်ုပ်တို့ လိုအပ်ချက်ကို ဖြည့်ပေးဖို့ အဆင်သင့် ရှိတယ်။ တချိန်ထဲမှာ ကိုယ်တော်အပေါ် ထားရှိတဲ့ ယုံကြည်ခြင်းက အရေးကြီးတယ်။ ဒီနေ့ ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်ပြီး မေးခွန်း မေးရအောင်။ ခရစ်တော်သခင်အပေါ် ထားရှိတဲ့ ကျွန်ုပ်ရဲ့ ယုံကြည်ခြင်း ဘယ်လောက် နက်ရှိုင်းပါသလဲ?
#Sr Regina Htoo Htoo (RGS)