“သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ဘုရားရဲ့အကြည့်” ကျမ်းစာမှာ သခင်ယေဇူးက ဘုရားရဲ့အကြည့်နဲ့ လူတွေကို ကြည့်တတ်ဖို့ ဖာရီဇေဦးတွေကို ပုံစံအမျိုးမျိုးနဲ့ သင်ကြားပေးတာကို သူတို့အမြင်နဲ့ မတူတဲ့အခါ မကြာမကြာ စိန်ခေါ်မှု ဖြစ်သွားတာ တွေ့ရပါတယ်။ ဒီနေ့ကျမ်းစာမှာ သခင်ယေဇူးက ဖာရီဇေဦး တစ်ယောက်ရဲ့အိမ်မှာ ထမင်းဖိတ်ကျွေးလို့ သွားခဲ့ပါတယ်။ စားရင်း သောက်နေရင်း ရပ်ကွက်ထဲက နာမည်ပျက်ရှိတဲ့ အမျိုးသမီးက ဝင်လာပြီး သခင်ယေဇူးရဲ့ ခြေတွေကို သူမရဲ့ မျက်ရည်နဲ့ ဆေးကြော သန့်စင်ပြီး ဆီမွှေး လိမ်းပေးတယ်။ သူမကို အရှိအတိုင်း လက်ခံတဲ့ ဘုရားရဲ့အချစ်ကို တုံ့ပြန်တဲ့အနေနဲ့ လိပ်ပြာသန့်သန့်နဲ့ လုပ်တယ်။ အဲဒီနေရာလေးက ဆီမွှေးအနံ့လေး သင်းပျံ့ကျန်ခဲ့တယ်။ ဖာရီဇေဦးရဲ့အာရုံက ဒီအမျိုးသမီးရဲ့ အပြုအမူကို သခင်ယေဇူး ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာပဲ ရှိနေတယ်။ သခင်ယေဇူးက ဖာရီဇေဦးရဲ့ အတွေးအာရုံကိုရော အမျိုးသမီးရဲ့ အတွေးကိုရောသိလို့ ကောင်းမှုပြုခြင်း တူပေမဲ့ စိတ်ထားလေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဖာရီဇေဦးကို သင်ကြားပေးလိုက်တယ်။ ကြွားချင်လို့ ကောင်းမှုကုသိုလ် လုပ်ရင်း သူများကို နှိမ်လိုက်ရမှ အနေသာတဲ့ သဘောထားနဲ့ အပြစ်ရှိတဲ့ လူသားဖြစ်ပေမဲ့ ဘုရားရဲ့မေတ္တာကို တုံ့ပြန်ချင်ရုံ သက်သက် ကုသိုလ်ပြုတဲ့ လူနှစ်ယောက်ရဲ့ မေတ္တာရောင်ပြန် ဒီနေ့သခင်ယေဇူး ဘယ်လို ပြန်ထင်ဟတ်စေခဲ့တာ ကျွန်မတို့ သင်ယူလိုက်ရပါတယ်။ ကျွန်မတို့ရော ဘယ်နှစ်ခါများ ကိုယ့်စိတ်အာရုံကို သေချာမဆင်ခြင်ပဲ သူများအကြောင်း ပိုပြီး ရှာရှာဖွေဖွေ ဝေဖန်နေမိပြီလဲ။ ဘဝအမှားတွေနဲ့ မကင်းသော်လည်း ဘုရားရဲ့မေတ္တာကို တုံ့ပြန်တဲ့ သဘောနဲ့ လုပ်တဲ့ကောင်းမှုတိုင်းကို ဘုရားက ကျေနပ်အားရနေတယ်ဆိုတာ ဒီနေ့ကျမ်းစာကနေ သင်ယူရင်း ဒီတစ်ရက်တာမှာ ဘုရားရဲ့အချစ်ကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ တုံ့ပြန်ရင်း လျှောက်လှမ်းကြပါစို့။
Sr. Elizabeth Joseph (RGS)