“ကလေးလေး တစ်ယောက်ကို ငါ၏နာမ၌ ကြိုဆိုတဲ့အခါ” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပတ်တော်က ကောင်းကင်နိုင်ငံသားတွေရဲ့ အမြင်နဲ့ လောကသားတွေရဲ့အမြင် ကွာခြားပုံ၊ သန့်ရှင်းမြင့်မြတ်ခြင်း ဆိုတဲ့လမ်းမှာ လျှောက်လှမ်းတိုင်း ဒုက္ခစရိယာနဲ့ မကင်းကြောင်းနဲ့ တပည့်တော်တွေကို သခင် ဘုရားက စိတ်ရှည်လက်ရှည် သင်ကြားပေးနေတာကို ကျွန်မတို့ တွေ့ရပါတယ်။ ကောင်းကင်နိုင်ငံတော်ဆိုတာ ဘယ်သူဗိုလ်၊ ဘယ်သူဘိတ်ဆိုတဲ့ အတွေးများနဲ့ မသက်ဆိုင်၊ ကိုယ်ဘယ်လောက် အရေးပါ အရာရောက်လဲဆိုတာ မတွေးတတ်ဘဲ ဘာလုပ်လုပ် ပျော်နေတဲ့ ကလေးတစ်ယောက်လိုပါ။ မိမိကိုယ်ကို မေ့ခြင်း မိမိဘယ်လောက်တောင် အရေးပါ အရာရောက်၊ သြဇာရှိ၊ စကားပေါက် ... ဆိုတာတွေကို ခေါင်းထဲမထားဘဲ မိမိဟာ မိမိမို့လို့ လုပ်စရာရှိတာ လုပ်တိုင်း ကျေနပ် အားရ ပျော်ရွှင်နေသူ၊ သူတပါးက အသိအမှတ် မပြုလည်း လုပ်စရာရှိတာ မိမိရဲ့ အကောင်းဆုံးနဲ့ ပေးဆပ်တတ်သူ၊ အတွင်းစိတ်မှာ လွတ်လပ်သူ။ ဘယ်သူ ငါ့ကိုများ ဘာပြောမလဲ၊ လာဖမ်းမလဲ၊ မှန်တယ်ဆိုပေမဲ့ လုပ်ရင်/ပြောရင် ငါဝေဖန်ခံရမလား၊ ငါ့ကိုကြွားတယ်များ ထင်ကြမလား၊ ငါ့ရုပ်ငါ့ရည်နဲ့က အဆင်ပြေပါ့မလား၊ သူ့လောက်ရော ငါပြောနိုင်ပါ့မလား၊ ငါ့ချို့တဲ့/အားနည်းချက်နဲ့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုကင်းတဲ့ ကလေးလေး တစ်ယောက်ရဲ့ ဖြူစင်တဲ့ သဘောထား ငါ့အရှိအတိုင်း ဘုရားက ငါ့ကိုချစ်တာပါ ဆိုတဲ့ ကလေးလေး တစ်ယောက်ရဲ့ ယုံကြည်မှုမျိုး ကျွန်မတို့မှာ ရှိနေရင်တော့ အဲဒီနေရာက ကောင်းကင်ပါ။ အဲလိုကလေးလေး တစ်ယောက်လို ဖြူစင်တဲ့သူ တစ်ယောက်ကို ကြိုဆိုရင် သခင်ဘုရားကို ကြိုဆိုခြင်းပါပဲ။ အဲလိုလူမျိုးကို မနာလိုစိတ်နဲ့ ဖယ်ထုတ်လိုက်ခြင်းဟာ ဘဝမှာ ခရစ်တော်ကို ဖယ်ထုတ်လိုက်သလို ဖြစ်မှာပါပဲ။
#Sr. Elizabeth Joseph (RGS)