“ပိုပိုပြီးရလာမလား၊ ရှိတာလေးပါ ပြန်အသိမ်းခံရမလား။” ဘယ်သူမှ ဆီမီးကို ထွန်းညှိပြီးတော့ တောင်းနဲ့သွားမအုပ် ထားတတ်ပါဘူး။ ဒီနေ့ အသက်ပေးတဲ့ နှုတ်ကပါတ်တော် ကနေ ကျွန်မတို့ လူရယ်လို့ ဖြစ်လာတာနဲ့ ဘုရားက ထူးခြားတဲ့ အရည်အချင်း တစ်ခုစီ ပေးထားပြီးသား ဖြစ်တယ်။ ကျွန်မတို့မှာ ရှိထားတဲ့ အရည်အချင်း/ ကျေးဇူးတော်ကို အသုံးပြုလေလေ မိမိဟာ ကမ္ဘာမြေကို အကျိုးပြုတဲ့ သူတစ် ယောက် ဖြစ်လာလေပဲ။ ကမ္ဘာမြေကို အလင်းပေးတဲ့ မီးခွက်ရဲ့အလင်းလို ကျွန်မတို့ရဲ့ အရည်အချင်းတွေကို ရက်ရက်ရောရော အသုံးချတယ်ဆိုရင် ကိုယ်ဘယ်နေရာ ရောက်ရောက် အများအတွက် အလင်းကလေး ဖြစ်နေမယ်၊ အများတကာရဲ့ စိတ်နှလုံးသားတွေထဲမှာ အဲဒီအလင်းရောင်လေးက ကျန်ခဲ့ပါလိမ့်မယ်။ နောက်တစ်ချက် အနေနဲ့ ကိုယ့်အရည်အချင်းကို ကိုယ်သုံးလေလေ ကိုယ်က ပိုထက်မြက် လာလေလေ မသုံးဘဲ ထားရင်တော့ ဖြည်းဖြည်းနဲ့ ပျောက်ဆုံးသွားမှာပါပဲ။ ဘုရားပေးထားတဲ့ ကျေးဇူးတော်ကို ကောင်းတဲ့နေရာအတွက် အသုံးပြုရင် ဘုရားက ထပ်ပေးမယ်လို့ သခင်ယေဇူးက ပြောပြသွားတယ်။ အဲဒီတော့ ချစ်တဲ့သူတို့ ကိုယ့်မှာ ဘာကျေးဇူးတော်တွေ အရည်အချင်းတွေ ရှိတယ်ဆိုတာ ရှာဖွေပြီးပြီလဲ။ အဲဒါတွေကို ဘယ်နားမှာ ဘာအတွက် အသုံးချနေပြီလဲ။
#Sr. Elizabeth Joseph (RGS)