“မင်း လိပ်ပြာလုံပါစေ” ဟေရုဒ်မင်းဟာ ယောဟန်ကို သတ်ပြီးပါလျက် အခုသခင်ယေဇူးကို လူတွေက ယောဟန် ပြန်ရှင်လာတယ် ပြောလို့ သူဟာ တုန်လှုပ်ခြောက်ခြား ရပြန်တယ်။ မိမိတို့ အတိတ်က ပြုခဲ့ဖူးတဲ့ မကောင်းမှု တစ်ခုခုဟာ ပစ္စုပန်မှာ ကိုယ့် လိပ်ပြာကို အရိပ်မဲကြီးလို လိုက်ပြီး ခြောက်ခြား တတ်ပါတယ်။ မြန်မာစကားအရ “လိပ်ပြာမလုံခြင်း” သဘောပါ။ သာယာပျော်ရွှင်နေတဲ့ လက်ရှိဘဝကို ကျူးလွန်ခဲ့ဖူးတဲ့ အမှုတစ်ခုဟာ တစ်ခါတစ်ခါ လာပြီး ခြောက်လန့်စေတယ်။ ဒါကြောင့် ကိုယ်ပြုသမျှ အရာတိုင်းဟာ တစ်နေ့မှာ နောင်တမရဖို့ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဟေရုဒ်မင်းဆီ ယောဟန်က သခင်ယေဇူးအားဖြင့် ပြန်လာပြီး သူ့သြတ္တပစိတ်ကို လာစကားပြောသလို မိမိကျူးလွန်ထားတဲ့ အမှုကလည်း မိမိအတွင်းစိတ်ကို ပြန်ပြန်လာပြီး စကားပြောမှာပါပဲ။ အမှောင်ထဲမှာ ပြုသမျှ လျို့ဝှက်ချက်တွေ အလင်းမှာ ပြန်ပေါ်လာသလို မထင်မှတ်တဲ့ အချိန်မှာ မိမိရဲ့ သြတ္တပစိတ်ကို လာပြီးစကားပြောမှာ ဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း လူမသိ သူမသိတဲ့ စိတ်မလုံခြုံမှုမျိုးနဲ့ အသက်ရှင်သွား ရနိုင်ပါတယ်။ “ယုတ်မာသူတို့အဖို့ ငြိမ်သက်ခြင်းက မရှိသလောက်” ဆိုတဲ့ စကားပုံ အတိုင်းပေါ့။ ဒါကြောင့် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် မိမိစိတ်ရင်းနဲ့ ရွေးချယ် လုပ်ကိုင်တတ်ဖို့ လိုပါတယ်။ ချစ်တဲ့သူတို့အနေနဲ့ အဲလိုအရိပ်မဲမျိုး ပြန်ပေါ်လာခဲ့ရင် မိမိကိုယ်နဲ့ ပြန်လည်ကျေအေး သင့်မြတ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
#Sr. Elizabeth Joseph (RGS)