“အငယ်ဆုံးသောသူဟာ အကြီးမြတ်ဆုံးပါ” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်မှာ တပည့်တော်ကြီးတွေက သူတို့အထဲမှာ လူတွင်ကျယ်က ဘယ်သူဖြစ်မယ်ဆိုတာ ငြင်းခုံကြတယ်။ လူအများကြီး စုနေပြီး ဘာမှလုပ်စရာ မရှိရင် ထွေရာလေးပါး ပြောတတ်ကြတာ လူ့သဘာဝတစ်ခုလို့ ပြောရမလိုပါ။ အမျိုးသားများပီပီ ပြိုင်ဆိုင်ချင်တဲ့ စိတ်တွေနဲ့ ငြင်းခုံရာကနေ ဖရိုဖရဲတွေ ဖြစ်လာတာကို သခင်ယေဇူး သတိထားမိလို့ သူတို့ရှာနေတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေကတော့ သူတို့ထင်သလိုမျိုး မရခဲ့ပါဘူး။ သခင်ဘုရားက ကြီးမြတ်တဲ့သူကို အဖြေပေးဖို့ ဘယ်အားကောင်း မောင်းသန် ထင်ပေါ် ကျော်ကြားတဲ့ စစ်သူကြီး တစ်ယောက်ယောက်နဲ့ ဥပမာ မပြခဲ့ဘဲနဲ့ ခွန်အားနည်းတဲ့၊ လူတွေကို မှီခိုနေရသေးတဲ့ ကလေးငယ်လေး တစ်ယောက်နဲ့ ပြသခဲ့ပါတယ်။ ယောဟန် ကျပြန်တော့လည်း အငြင်းအခုံ ရပ်သွားဖို့ တစ်ခြားအကြောင်း တစ်ခုကို စကားဝိုင်းမှာ ယူလာပြန်ပါတယ်။ သခင်ဘုရားရဲ့ နာမည်နဲ့ တစ်ယောက်ယောက်က နတ်ဆိုးနှင်ထုတ်လို့ သူတို့ သွားဆုံးမထားတဲ့အကြောင်း ပြောပြတဲ့အခါ သခင်ယေဇူးက မတားဆီးဖို့ ပြောခဲ့ပါတယ်။ အဖွဲ့အစည်းနဲ့နေတဲ့အခါ တစ်ယောက်တစ်မျိုးနဲ့ စကားနိုင်လုကြတဲ့ သဘောရှိပေမဲ့ တပည့်တော်ကြီးတွေလို သခင်ဘုရား သင်ပေးတဲ့ တန်ဖိုးကို အတူတူနာယူကြဖို့ ဒီနေ့ကျမ်းစာအားဖြင့် သင်ယူကြပါစို့။
#Sr. Elizabeth Joseph (RGS)