“လူ့အတွေးတွေထက် ကျော်လွန်တဲ့ အံ့သြဖွယ်တွေရှိတဲ့နေရာ” ဒီပွဲနေ့မှာ နာသာနာအဲလ်ကို ဖိလစ်က ဖိတ်ခေါ်ရင်း သခင်ဘုရားဆီ ရောက်လာတဲ့အခါ “ကျွန်တော့်ကို ဘယ်လို သိတာလဲ” လို့ တအံ့တသြ မေးခဲ့တယ်။ ကျွန်မတို့ ဘဝမှာလည်း ဘုရားကို ဒီလိုမျိုး တစ်ခါတစ်ခါ မေးတတ်မှာပါ။ ဒီလိုဆိုရင် ဘုရားက ကျွန်မတို့ကို ဘယ်လိုသိတာလဲ။ အံ့သြစရာ မကောင်းပါဘူး၊ ဘုရားဟာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ၊ ပြင်းပြတဲ့ဆန္ဒတွေ အားလုံးကို သိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားက ကျွန်မတို့ လူသားတွေရဲ့ အနက်ရှိုင်းဆုံးသော သဘာဝတရားကြီးကို ပဲ့ကိုင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ကျွန်မတို့ကို ဖန်ဆင်းထားတဲ့သူလောက် အတွင်းကျကျ မသိနိုင်ပါဘူး။ ဒါကြောင့် သခင်ယေဇူးက နာသာနာအဲလ်ကို သိတယ်လို့ ပြောတဲ့အခါ ဘာမှအံ့သြစရာ မရှိပါဘူး။ နာသာနာအဲလ်ဟာ မက်ဆီးယား ကြွလာမယ့်နေ့ကို ဆုတောင်းရင်း စောင့်နေတဲ့ သူတစ်ယောက်လည်းဖြစ်၊ ပွင့်လင်းတဲ့စိတ်နဲ့ သခင်ယေဇူးဆီကနေ ဉာဏ်ပညာကို ဆည်းပူးလိုတဲ့စိတ်နဲ့ မေးတာကို သခင်ယေဇူးသိလို့ ကောက်ကျစ်စဥ်းလဲခြင်းနှင့် ကင်းသော အီဇရာအဲလ် အမျိုးဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ စိတ်ကြောင့် ပိုပြီးအံ့သြစရာကောင်းတဲ့ အကြောင်းအရာတွေ ကြိုတင်ပြောပြလိုက်တာ ဖြစ်ပါတယ်။ မက်ဆီးယားသခင် ကြွလာတဲ့အခါ ပိုပြီးအံ့သြစရာတွေ တွေ့လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပေးခဲ့ပါတယ်။
ချစ်သူတို့အနေနဲ့ ရိုးသားတဲ့စိတ်နဲ့ မျှော်လင့်တကြီး ဆုတောင်းပြီး စောင့်နေတဲ့ အရာလေးတွေများ ရှိနေမလား။ အဲဒီအကြောင်းတွေကို ဘုရားနဲ့ပေါင်းစပ်ပြီး ဆုတောင်တဲ့ အချိန်မှာ သခင်ဘုရားကို အနီးကပ် မေးမြန်း တိုင်ပင် ကြည့်ပြီးပြီလား။ ပိုလေးနက်တဲ့ မျှော်လင့်ချက် ရောင်ခြည်လေးကိုရော မြည်းစမ်းခွင့် ရနေပြီလား။
#Sr. Elizabeth Joseph (RGS)