(၇၂) ဦးသော တပည့်တော်တို့ကို မိန့်သော မိန့်ခွန်းကား “သတ္တိမွေးကြလော့” ဝံပုလွေကြားသို့ သိုးကို စေလွှတ်သကဲ့သို့ ငါသင်တို့ကို စေလွှတ်မည်။ ယခုအခါ၌ ငြိမ်းချမ်းရေး သယ်ဆောင်ပြီး ကုသခြင်းလုပ်ရန် မလွယ်လှသည်ကို ကြိုတင်သတိပေးသည်။ လက်တွေ့တွင် သတိမူဖို့ ဖြစ်ပါသည်။ တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူ နေခဲ့ကြပြီ ဖြစ်သောကြောင့် ကိုယ်တော်တိုင်လည်း အမြောက်အများသော သူတို့၏ ငြင်းပယ်မှုကို မြင်တွေ့ကြသဖြင့် ၎င်းတို့ကို စေလွှတ်ရာ၌ မိန့်သောအမှာစကားကို ကြားကြသော် ကြောက်ကောင်း ကြောက်ကြပါလိမ့်မည်။ သို့သော် ယခုအခါ ကိုယ်တော်ရှင်နှင့် ရင်းနှီးချစ်ခင် နေကြပြီ ဖြစ်သောကြောင့် ကိုယ်တော် စေခိုင်းသမျှကို လုပ်ကြရန် ဆန္ဒပြင်းပြကြသည်။ ဆောင်ရွက်လိုကြသည်။ ကိုယ်တော်အပေါ် ယုံကြည်ကြပြီး ကိုယ်တော်၏ နူးညံ့မှုကို ခံစားကြရပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်တော်၏ မေတ္တာသည် တပည့်တော်တို့အပေါ် သာမက လူသားတိုင်းအပေါ် ထားသောမေတ္တာသည် ကြီးမြတ်လှပေသည်။ တပည့်တော်တို့ အနည်းငယ် တွန့်တိုနိုင်သော်လည်း ကိုယ်တော်ပေါ်ထားသော မေတ္တာစိတ်၊ ယုံကြည်စိတ်ကြောင့် ဝမ်းမြောက်စွာပင် စေခိုင်းသမျှကို ဖြည့်စွက်ဖို့ စိတ်ထက်သန်ကြသည်။ ကိုယ်တော့်မေတ္တာကို မြည်းစမ်းခွင့် ရသူများဖြစ်သောကြောင့် မေတ္တာဖြင့်သာ တုံ့ပြန်လိုကြသည်။ သာသနာပြုခြင်း ဆိုသည်မှာ “အသက်မွေးဝမ်းကျောင်း” လုပ်ငန်းစဥ် တစ်ခုမဟုတ်ပါ။ ဘုရားရှင်၏မေတ္တာကို ခံစားရသောကြောင့် ကိုယ်တော့်မေတ္တာ ထင်ဟပ်စေရန် လှုံ့ဆော်ခြင်းသာ ဖြစ်သည်။ ရဟန်းမင်းကြီး အရှင်သူမြတ် Francis မိန့်သကဲ့သို့ ကျွန်ုပ်တို့၌ ရောင်းစရာ ထွက်ကုန်မရှိပါ။ ဘုရားရှင်၏ ထာဝရမေတ္တာတော်၌ အစဥ်ပေါင်းသင်းပြီး သူ၏ အကြင်နာမေတ္တာ၊ မွန်မြတ်မှု၌ ပေါင်းစည်းခြင်းသာြဖစ်ပါသည်။ သန့်ရှင်းသော ဝိညာဥ်တော်မြတ် သာလျှင် ကျွန်ုပ်တို့အား အလင်းပေး၊ အဖော်ပြုရင်း စေလွှတ်သူဖြစ်ပြီး သန့်ရှင်းသော ဝိညာဥ်တော်မြတ် သာလျှင် အဓိက ဘုရားရှင်၏ မဟာမေတ္တာကို ရောင်ပြန်ဟပ်စေပြီး သာသာနာပြုနေသူ ဖြစ်သည်။ St. Teresa ၌ကား ထိုဘုရားရှင်၏ ကြီးမားလှသော အမှန်တရားနှင့် မေတ္တာကို ကမ္ဘာအား ဖွင့်ပြပေးရန် အလွန်ပင် ဆန္ဒပြင်းပြပေသည်။ ထို့ကြောင့် သူ့နှလုံးသားကို ယေဇူးကိုယ်တော်အား အပ်နှံကာ မည်မျှခက်ခဲသော သူများပင် ဖြစ်စေကာမူ ခရစ်တော်၏ မေတ္တာကြင်နာမှု ထိုးဖောက်နိုင်သည်ဟု ယုံကြည်သည်။
ထို့ကြောင့် အပြစ်ကြီးသောသူများ၊ ကိုယ်တော့်အား ပစ်ပယ်ထိခိုက်ထား သူတို့အဖို့လည်း ယေဇူးရှင်ထံ ဆုတောင်း ပေးခဲ့သည်။ ကြီးမားလှသော ဘုရား၏ မေတ္တာတော်မြတ်ကို ယုံကြည် အားကိုးသည်။ သံတာထရေဇားကိုယ်တိုင် ဘဝ၌အမှောင် လွှမ်းမိုးခြင်း ခံရသောအခါများ၌ ကိုယ်တော်၏ ဒုက္ခစရိယာကားတိုင် ထမ်းကူရသောအခါ၌ သတ္တိရှိစွာ ခရီးဆက်ရင်း ကိုယ်တော့်ထံ မေတ္တာတောင်းခံခဲ့သည်။ သံတာထရေဇား၏ ယုံကြည်မှုသည် မည်သည့်အခက်အခဲမှ ဆွဲလှုပ်နိုင်ခြင်း မရှိခဲ့ပေ။ ကျွန်ုပ်တို့သည် အမှောင်ဘဝ ဖြတ်သန်းရလျှင် စိတ်အားငယ်၊ စိတ်ဓါတ် ကျတတ်သည်။ St. Teresa မူကား ခိုင်ခန့်၍ ထာဝရတည်သော ဘုရားရှင်၏ အကြင်နာမေတ္တာ၌ ပြီးပြည့်စုံစွာ ခိုလှုံတတ်သည်။ ထာဝရသစ္စာတော်၌ ခိုလှုံကြဖို့ ဖိတ်ခေါ်နေပါသည်။
#Sr. Mary Zinghtung Lu (FMM)