“နှိုင်းယှဥ်တတ်တဲ့လူ့သဘာဝ” ငယ်စဥ်ကတော့ ဘယ်သူပိုရှည်သလဲ၊ ဘယ်သူပို အပြေးသန်သလဲ။ ကျောင်းသားအရွယ် ရောက်တော့လဲ ဘယ်သူစာ ပိုတော်သလဲ၊ ဘယ်သူအမြင့်ဆုံး အမှတ်ရသလဲ၊ ဘယ်သူအားကစား အတော်ဆုံးလဲဆိုပြီး အရွယ်အလိုက် “ဘယ်သူက ဘယ်သူထက် သာသလဲ ဆိုတာကို ရေးကြီးခွင်ကျယ် လုပ်ကြသလို အားကစားလောက၊ အနုပညာလောက၊ လုပ်ငန်းကဏ္ဍစုံ လောကမှာ…”ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်သာတယ်၊ ဘယ်လိုသာတယ်” စသဖြင့် ပြိုင်ဆိုင်တတ်တဲ့ လောကလေးရေ ”သူ့ထက်သာခြင်း သာလျှင် အရေးကြီး နေပါတော့တယ်။” “ငါက ပိုပြီးလေးစား ခံရလို့၊ တစ်ပါးသူထက် ပိုကောင်းလို့၊ ရာထူးပိုကြီးလို့၊ လစာပိုရလို့၊” ပိုလို့ပိုလို့ ဆိုတာကပဲ အရေးကြီးနေတော့ မပိုရင် အနည်းဆုံး သူ့လောက် မရှိလျှင်တော့ မဖြစ်ဘူးဆိုတဲ့ “ယှဥ်ပြိုင်စိတ်” ကလေးက ကျွန်မတို့ကို မညှဥ်းဆဲပဲ နေမလား။ သူတို့က ကိုယ့်ကို သူ့ထက် နိမ့်တယ်လို့ထင်ရင် ကိုယ်ကပါ ကိုယ့်ကိုယ်ကို အထင်သေးလာပြီး စိတ်အားငယ်၊ စိတ်ဓါတ် ကျပါလေရောလား… ဒီတော့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကပဲ ပြန်ဆွဲချ လိုက်ပြန်ရော မဟုတ်လား။ ကိုယ့်ကိုယ်ကို ဆင်းရဲစေတာပါပဲ မဟုတ်ပေဘူးလား။ ကိုယ့်ဘဝကို ကိုယ်ညှဥ်းဆဲတာပဲ မဟုတ်လားနော်။ “ယှဥ်ပြိုင်” တတ်တဲ့ရောဂါပိုးကြောင့်ပါလား။သမ္မာကျမ်းစာထဲမှာ တပည့်တော်တို့ကလည်း ဘယ်သူက ကောင်းကင်နိုင်ငံတော်မှာ ပိုမြင့်တဲ့နေရာ ရမလဲလို့သိချင်၊ နေရာရချင်ကြတယ်။ သခင်ခရစ်တော်က ကြီးမြတ်လို့ သူတို့ရှိရမှာက “မေတ္တာတရား၊ မိမိကိုယ်ကို ပဒါနမထားပဲ အစေအပါးလုပ်ငန်း” သာလျှင် အဓိကဖြစ်ကြောင်း မိန့်ဆိုခဲ့တယ်။ ကျွန်ုပ်တို့သည် အစေအပါး ခံယူရန် မဟုတ်ပဲ အစေခံ အမှုအတွက်သာ ဘဝအပ်နှံကြောင်း ထင်ရှားစေသည်။ ကလေးသူငယ်ကို ခေါ်၍ “ဤကလေးသူငယ်ကဲ့သို့ နိမ့်ချသောသူသည် ကောင်းကင်၌ အကြီးမြတ်ဆုံးသူဖြစ်၏” ဟုဆိုထားပြန်ပါသည်။ “နှိမ့်ချ” တယ်ဆိုတာ ကျွန်ုပ်တို့အရှိအတိုင်း အမှန်တရားကို လက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ဘုရားဖန်ဆင်းသော သား၊ သ္မီးများ၊ သူ၌မှီခိုပြီး သူချစ်သော၊ သူကယ်တင်သော သူများဖြစ်ကြပြီး ကိုယ်တော်၌ အစဥ်အားကိုး ခိုလှုံနိုင်သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့ တန်ဖိုးထားခံရသူများ ဖြစ်ပါသည်။ ကလေးသူငယ်များကဲ့သို့ ဟန်ဆောင်မှု မပါသော အတ္တစွဲများ မဟုတ်ဘဲ ဘုရားရှင် မျက်မှောက်မှာ “ကြီးမြတ်သူ” များဖြစ်ကြသည်ကို နားလည်ကြပါစို့။ ဤစစ်မှန်သော ကြီးမြတ်မှုကို ယုံကြည်လက်ခံ ရှင်သန်နိုင်သော ကျေးဇူးတော်ကို ရယူကြပါစို့။ သိကြားတမန်တော်များနှင့် သံတာထရေဇားထံမှလည်း ကျေးဇူးတော်များ တောင်းခံကြပါစို့။
#Sr. Mary Zinghtung Lu (FMM)