Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-02 06:33:12
အောက်တိုဘာလ (၃)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာကု (၁၀း ၂-၁၆)
Sr. Mary Zinghtung Lu (FMM)
Posted by M Sulatthtwe

အကြင်လင်မယား ကွာရှင်းမှုနှင့် ပတ်သက်၍ မေးမြန်းလာသောအခါ သခင်ခရစ်တော်က ချစ်ခြင်း ဖြစ်တော်မူသော ဘုရားရှင်၊ ကျွန်ုပ်တို့အား သူနှင့်တူအောင် ဖန်ဆင်းထားတော်မူသော ကိုယ်တော်ရှင်၏ မဟာမေတ္တာတော်မြတ်ထံသို့ ဦးတည်ညွှန်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်ကဲ့သို့ ချစ်နိုင်စွမ်းရှိရန် ဖန်ဆင်းထားခြင်း ခံရသော ပုဂ္ဂိုလ်များ (သို့) လူသားများ ဖြစ်ကြသည်။ ဤသည်ကား ဘုရားရှင်၏ ရည်ရွယ်ချက် ဖြစ်တော်မူပြီး ပြောင်းလဲမှု မရှိပေ။ ကျွန်ုပ်တို့သည် ချစ်ခြင်း၌ တည်ရှိကြရန် ဖန်ဆင်းခံထားသူများ ဖြစ်ကြသော်လည်း အတ္တနှင့် မိမိ၌သာ ဗဟိုပြုမှုကိုလည်း ရွေးချယ်နိုင်ကြသေးသည်။ ထိုသို့ ရွေးချယ်ပါက ကျွန်ုပ်တို့ ထင်သကဲ့သို့ ပျော်ရွှင်ခြင်းနှင့် ကျေနပ်မှုတို့ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ။ တခါတရံ အချိန်တိုအတွက် ခံစားရသည်ဟု ထင်မှတ်ရသော်လည်း စစ်မှန်သော ရေရှည်ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုကိုကား မပေးနိုင်သည့်အပြင် မိမိတို့ဘ၀၌ အထီးကျန်သည်ဟု ခံစားရတတ်ပါသည်။ အပြစ်ပြုသောအခါ ထိုသို့ ခံစားရတတ်ပါသည်။ ဘုရားရှင်ထံမှ ဖြတ်တောက်ခြင်း ခံရသကဲ့သို့ အထီးကျန်ဘဝ၊ မိမိ၏အမှန်တရား၊ ဘုရားရှင်ကဲ့သို့ ချစ်နိုင်စွမ်း ခွန်အားတွေ ကင်းမဲ့စေပါသည်။ အမှန်တကယ်မှာ ဘုရားရှင်သည် ကျွန်ုပ်တို့အား မည်သည့်အခါမှ ပစ်ပယ်ထားခြင်း မရှိပါ။ မိမိကသာလျှင် မိမိကိုယ်တိုင် တတ်စွမ်းနိုင်သည်ဟု ယူဆကာ ဘုရားရှင်ကို ပစ်ထားခဲ့ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ ရင်ဆိုင်ရသောအခါ၌ မိမိဘဝကို မိမိကိုယ်တိုင် မဦးဆောင်နိုင်၊ မိမိအသုံးမကျဟု စိတ်ပျက်အားငယ် တတ်ကြပါသည်။ ဤအချိန် အခါမျိုး၌ အထူးသဖြင့် မိမိဘဝကို ပြန်လည်သုံးသပ်ကာ မိမိကို ဖန်ဆင်းထားသော ကိုယ်တော်ရှင်ထံ ပြန်လာဖို့အချိန် ဖြစ်နေပါြပီ။ ယုံကြည်ရန် မလွယ်ကူသော်လည်း တကယ့် အမှန်တရားမှာ မိမိတို့ မည်ကဲ့သို့သော စိတ်ဓာတ်၊ အတ္တစိတ်တို့ဖြင့် အသက်ရှင်ခဲ့စေကာမူ ကိုယ်တော်သည် မိမိတို့အား မည်သည့်အခါမျှ စွန့်ပစ်ထားခြင်း မရှိချေ။ ကိုယ်တော်ရှင်သည် မိမိတို့၏ အတ္တ၊ သစ္စာမဲ့ခြင်း၊ မေတ္တာကင်းမဲ့ခြင်းများအတွက် ကျွန်ုပ်တို့ကို ကွာရှင်းခြင်း မပြုပါ။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်ရှင်ပင် ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အစဥ်ဆက်လက် ခွင့်လွှတ်ခြင်းနှင့်အတူ သူ၏ရင်ခွင်သို့ ပြန်လည်ဖိတ်ခေါ်  ကြိုဆိုနေပေသည်။ ဘုရားရှင်သည် သစ္စာရှင် ဖြစ်တော်မူ၍ ဤချစ်ခြင်းမေတ္တာ၌ အိမ်ထောင်သည်တို့အား သစ္စာရှိစွာဖြင့် ချစ်ခြင်း၌ တည်မြဲစွာ အသက်ရှင်စေလိုပါသည်။ “ဘုရားရှင် ပေါင်းစပ်ထားသော အရာကို မည်သူမှ မခွဲခွါစေနှင့်” ဟူသော ကျမ်းချက်သည် အိမ်ထောင်သည်တို့အား ရည်စူးသောစကား ဖြစ်ပါသည်။ သို့သော် ကိုယ်တော်၏ ဦးစားပေး သတင်းတော်မှာ လူသားတို့နှင့် လူ့ဘောင်ဝင်သောအခါ ဘုရားရှင်ပြုခဲ့သည့် ပဋိညာဥ်ကို အဓိကအာရုံစိုက် မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။ သားတော်ဘုရားသည် ဘုရားဘဝကို ဖုံးကွယ်ကာ လူ့ဇာတိ အသွေးအသားကို မယ်တော်မာရိယာထံမှ ရယူ၍ လူသားတို့နှင့် တသွေးသားတည်းဖြစ်ကာ လူ့အဖြစ်ကို ယူတော်မူ၍ လူ့ဘောင်ဝင်စား တော်မူသည်။ ယေဇူးဟု ကျွန်ုပ်တို့ ခေါ်သောသူသည် ဘုရား၏သားတော် မယ်တော်၏သားတော် အမှန်ဖြစ်ပေသည်။ ယေဇူးသခင်အားဖြင့် လူသားနှင့် ဘုရားသခင်သည် တသွေးတသားတည်း ဖြစ်လာ၍ ဤဘုရားရှင်နှင့် ပေါင်းစည်းထားသော မေတ္တာတော်မြတ်ကို မည်သည့်အရာမှ ပယ်ဖြတ်လိမ့်မည် မဟုတ်ပေ။ ဤနူးညံ့သိမ်မွေ့သော သစ္စာမေတ္တာ၏ ကနဦးပေါင်းစည်းခြင်း ပဋိညာဥ် ထာဝရအတွက်ထားသည့် Covenant ပင်ဖြစ်သည်။ ယေဇူးရှင်အားဖြင့် ဘုရားရှင်သည် မိမိကိုယ်ကို လူသားတို့အား  အပ်နှံခဲ့သည့် အဓိကအချက်ကား ဤမှန်ကန်ချက်ကို ယုံကြည်လက်ခံနိုင်ရန် လိုအပ်ပေသည်။ ယေဇူးတောင်းဆိုသည်မှာ ၎င်းကိုယ်တော်၏ မေတ္တာတော်ြမတ်၌ လွှမ်းခြုံထားကာ ဘဝတခုလုံး၌ စိမ့်ဝင်၍ သွေးကြောစီးနေစေခြင်းပင် ဖြစ်သည်။ ကိုယ်တော်၏ မေတ္တာတော်၌ ကျွန်ုပ်တို့ကိုလည်း ပြောင်းလဲပြီး ဘုရားရှင်ကဲ့သို့ ကိုယ်စိတ်နှလုံးသုံးပါးဖြင့် သစ္စာရှိစွာ ချစ်တုံ့ပြန်နိုင်ရန် လိုလားပေသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် မည်သည့်အခါမှ အရှုံးပေး စိတ်ဓာတ်ကျသည်ဟု မရှိပါ။ ကျွန်ုပ်တို့၏ အတ္တနှင့်မကောင်းသော အကျင့်အကြံများကို မနှစ်သက်သော်လည်း မည်သည့်အခါမှ ကျွန်ုပ်တို့အား စွန့်ပယ်သည်ဟု မရှိပါ။ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ပေးပြီး သစ္စာရှိသောသူ၏ မိတ်ဆွေများအဖြစ် ပြန်လည် လှည့်လာရန်သာ အားပေးကြိုဆိုနေသည်။ အိမ်ထောင်သည် ဇနီးမောင်နှံတို့အား ကိုယ်တော်၏ လူသားအပေါ် ထားရှိသည့် အနှိုင်းမဲ့ ကြီးမြတ်သော မေတ္တာကို ပေါ်လွင်ထင်ဟပ် စေလိုသည်။ ထိုအချက်သည် အိမ်ထောင်ပြုသူတို့၏ ခေါ်တော်မူခြင်းတာဝန် ဖြစ်ပေသည်။ ဘုရား၏မေတ္တာကို ရောင်ပြန်ဟပ်စေနိုင်ရန် တနေ့တခြား အချင်းချင်း ပိုမိုချစ်ခင် မြတ်နိုးလာကြဖို့ရန် ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အစဥ်ခွင့်လွှတ်တတ်ပြီး မေတ္တာပွားနိုင်ရန် နှိမ့်ချခြင်း လိုအပ်ပေသည်။ နှိမ့်ချစွာဖြင့် ခွင်လွှတ်ခွင့်ပန်ကာ တစ်ဦးပေါ်တစ်ဦး အစဥ်သစ္စာမေတ္တာနှင့် ဆက်လက် ခရီးနှင်ကြရမည် ဖြစ်ပါသည်။ ကိုယ်တော်၏ ထာဝရမေတ္တာတော်၌ ထာဝစဥ် ခိုလှုံနိုင်ရန် မျှော်လင့်ခြင်း၊ စိတ်ရှည်သည်းခံခြင်း ဆုကျေးဇူးတော်ကို တောင်းခံကြပါစို့။  

#Sr. Mary Zinghtung Lu (FMM)

Daily Reflection