Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-04 05:44:17
#အောက်တိုဘာလ (၄)ရက် / တနင်္လာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၀း ၂၅-၃၇)
#Sr. Mary Zinghtung Lu (FMM)
Posted by M Sulatthtwe

ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် မည်သည့်အခါမှ စိတ်ပျက်၊စိတ်ဓါတ် ကျသည်ဟု မရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အချင်းချင်းအပေါ်စိတ်ဓါတ်မကျစေရန် တောင်းဆိုသည်။ ဤတောင်းဆိုချက်မှာ ရင်လေးဖွယ်၊ ထိန့်လန့်ဖွယ်လည်းဖြစ်၏။ ကျွန်ုပ်တို့၏ အားနည်းချက် အတ္တကြောင့် အချင်းချင်း မေတ္တာထားရာ၌ အကန့်အသတ် ထားလိုကြသည်။ ထို့ကြောင့် ရှင်ပေတရုက မိမိအား ကျူးလွန်သူကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်ရမည်နည်းဟု မေးခဲ့သည်။ ဒီနေ့ကျမ်းစာတော်မြတ်၌ ထာ၀ရသုခချမ်းသာ ပိုင်ဆိုင်နိုင်ရန် မည်သည့်အရာ ပြုရမည်နည်းဟု တရားဆရာက မေးခဲ့သည်။ အကန့်အသတ်၊ သတ်မှတ်ချက် ရလိုသည်။ ကျွန်ုပ်တို့အပေါ် မည်သည့်အခါမှ စိတ်ပျက်၊ စိတ်ဓါတ်မကျသော ခရစ်တော်ယေဇူး၏ အဖြေကား ဤကဲ့သို့၊ ထိုကဲ့သို့၊ ဤမျှလောက် ကျင့်ကြပါဟူ၍ တရားပေးမည့်အစား ချစ်ခြင်းမေတ္တာ ပေါ်လွင်စေသော လက်တွေ့ပုံဥပမာကိုသာ ဖေါ်ပြကာ မိမိကိုယ်တိုင် မည်သူသည် မိမိ၏အိမ်နီးနားချင်း ညီအစ်ကို ဖြစ်သည်ကို သိမြင်စေသည်။ အကူအညီကို အပူတပြင်း လိုအပ်နေသူကို လူသုံးဦး တွေ့ခဲ့၏။ မည်သူက မိမိကိုယ်ကို ထိုသူ၏ ညီအစ်ကို နေရာယူပါသနည်းဟု မေးမြန်းရာ တတိယလူဟု ဖြေကြားသဖြင့် “ထိုကဲ့သို့ ကျင့်ဆောင်ပါလောဟု” မိန့်ကြားခဲ့ပေသည်။ မေတ္တာဟူသော စိတ်ဓါတ် (ဥပေဒ) သည် တာ၀န်ဖြည့်စွက်ရန် မဟုတ်ပေ။ မေတ္တာ လိုအပ်သူအပေါ် မေတ္တာတုံ့ပြန်ဖို့သာ ဖြစ်သည်။ မေတ္တာတရား၊ မေတ္တာစိတ်ဓါတ်သာလျှင် မိမိကိုယ်ကိုယ် လစ်လျူရှုပြီး တပါးသူ၏ လိုအပ်ချက်ကို မြင်နိုင်သည်။ ကျွန်ုပ်တို့၏ မေတ္တာစစ်သည် တိုင်းထွာမှုမရှိ၊ အကန့်အသတ် မရှိပါ။ တပါးသူ၏ ဒုက္ခကိုမြင်သောအခါ တပါးသူအပေါ် မေတ္တာသက်ရောက်ကာ တပါးသူကို ကူညီရန် ရွေးချယ်လိုက်ပြီး မိမိကိုယ်ကို ထိုသူ၏မိတ်ဆွေ၊ အိမ်နီးနားချင်းနေရာကို ရယူသည်။ မိမိဘ၀၌ စွန့်စားခန်းခင်းကာ မိမိလုပ်ငန်းထက် ပိုမိုဦးစားပေး လုပ်ဆောင်၍ ကိုယ်စိတ်နှလုံးသုံးပါးဖြင့် နယ်နိမိတ် မထားဘဲ၊ လိုအပ်သူကို ကူညီသည်။ ဒီနေ့ကျမ်းစာတော်မြတ်မှာ တွေ့ရသော ကောင်းသော Samaritan ကဲ့သို့ မိမိပိုင်ဆိုင်သော ခွန်အားနှင့် တပါးသူအတွက် အသက်ပေးလုပ်ငန်း လုပ်ဆောင်မည့် မေတ္တာဟူသည် နယ်နိမိတ်၊ အကန့်အသတ်မရှိ။ မေတ္တာတရား ကျင့်သုံးရာ၌ တာ၀န်၀တ္တရား ဖြည့်စွက်ခြင်းဟု မြင်နေသေးသမျှ မေတ္တာစစ် မေတ္တာမှန် မဟုတ်သေးပါ။ မိမိ၏ပင်ကိုယ် ချစ်နိုင်စွမ်း ခွန်အားကိုပင် မှေးမှိန်စေသည်။ St. Francis of Assisi သည်လည်း ငယ်စဥ်က မိမိကိုယ်ကိုသာ ဦးစားပေး အသက်ရှင်ခဲ့သော်လည်း ကိုယ်တော်၏ ချစ်ခြင်းကို ခံစားရသောအခါ၌မူ ယခင်က ကြောက်ရွံ့၊ ရွံရှာခဲ့သော နူနာသည်များအပေါ် မေတ္တာသက်လျှက် အစေအပါး ပြုနိုင်ခဲ့သည်။ မေတ္တာစိတ်၊ မေတ္တာမှန်၌ အတ္တမပါ၊ လူသူမရွေး၊ မေတ္တာသက်ကာ လူတကာ၏ အိမ်နီးနားချင်း ဖြစ်လာနိုင်ပေသည်။

#Sr. Mary Zinghtung Lu (FMM)

Daily Reflection