“ရွှင်လန်းစွာ ပေးဆပ်သူကို ကိုယ်တော် နှစ်သက်၏” ဟု သံပေါလူး ဆို၏။ ကောင်းသော ဆာမာရီတန် ပုံပြင်သည် လက်တွေ့မေတ္တာ စိတ်ဓါတ် ဖြစ်သည်။ တပါးသူ၏ လိုအပ်ချက်ကို အဓိကထား လုပ်ဆောင်သည်ကို တွေ့ရသည်။ မိမိ၏စိတ်ကောင်း နှလုံးကောင်းမှ လျှံထွက်လာသော မေတ္တာစစ် ဖြစ်သည်။ ထိုသို့သော သူတို့သည် အစေအပါး လုပ်ငန်း၌ ငြိမ်းချမ်းခြင်းကို ၀ေမျှကြသည်။ ရွှင်လန်းစွာ ပေးဆပ်ရန် အစဥ်လွယ်ကူမည် မဟုတ်ပါ။ မိမိကိစ္စနှင့် အလုပ်ရှုပ်သောအခါ မိမိကိုယ်ကို ကြင်နာလွန်းပြီး ငြီးငြူတတ်ကြသည်။ တပါးသူတို့က မိမိအပေါ် စာနာမှုမရှိဟု စိတ်အနှောက်အယှက်၀င်ကာ အစေအပါးလုပ်ငန်း လုပ်မည့်အစား တပါးသူတို့၏ အားနည်းမှုကိုမြင်ပြီး တစ်ဦးတည်း လုပ်ရသည်ဟု မှတ်ယူ၍ မကျေမနပ်မှုဖြစ်ပြီး မိမိမသိသော်လည်း မိမိ၏ ငြိမ်းချမ်းရေးကို ဆုံးရှုံးစေသည်။ ဆုတောင်းသည့် အခါ၌ပင် ခွန်အားသစ် ရယူမည့်အစား တပါးသူအကြောင်းကို ကိုယ်တော်အား တိုင်ကြားလာတတ် ပါတော့သည်။ ဒီနေ့ ကျမ်းပိုဒ်၌ မာသား၏ တိုင်ကြားသံကို ကိုယ်တော် တုံ့ပြန်ပုံမှာ ကိုယ်တော်၏ နူးညံ့မှု၊ မေတ္တာနက်ရှိုင်းမှုကို ပေါ်လွင်စေသည်။ သတိမမူလျှင် ကိုယ်တော်၏ မိန့်မှာချက်သည် မကြင်နာသည့်အလား ရှိသည်။ သို့သော် “မာသား. ..မာသား...“ဟု ဂရုစိုက်ပြီး သူနာမည်လေးခေါ်ကာ၊ သူ့စကားကို နားစွင့်ဖို့ အချိန်ပေးပြီးမှသာ၊ သူ့အပေါ် စိတ်၀င်စားစေပြီးမှသာ၊ လိုအပ်ချက်ကို ဖေါ်ပြခြင်းသည် ယေဇူး၏လေးနက်၊ နူးညံ့သောမေတ္တာ၊ စေတနာကို ပေါ်လွင်စေသည်။ နေ့စဥ်ဘ၀၌ အရာရာကိုပူပန်ပြီး တခုတည်းသော လိုအပ်ချက်ကိုကား လစ်လျူရှုနေကြောင်း မြင်လာစေသည်။ ထိုတခုတည်းသော လိုအပ်ချက်နှင့် ကင်းမဲ့လျှင် အရေးအကြီးဆုံး ဖြစ်သော ကိုယ်တော်၏ ငြိမ်းချမ်းရေးကို ဆုံးရှုံးပြီးသား ဖြစ်နေပေသည်။ မိမိ၏အစေအပါး ပြုမှုသည် မေတ္တာမှ ပျံ့ထွက်မလာပါက အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ မာသားနှင့်အတူ ကျွန်ုပ်တို့ အားလုံးလည်း တခုတည်းသော အရေးကြီးသည့် အချက်ကို မမေ့လျော့ဖို့ ဖြစ်သည်။ ကျွန်ုပ်တို့ ဆုတောင်းသောအခါ ကိုယ်တော့်ကို အာရုံပြုပြီး ကိုယ်တော့်ကို နားဆင်ရန် ဖြစ်သည်။ မိမိဘက်ကိုသာ လှည့်ကြည့်ပြီး မြည်တွန်နေရန် မဟုတ်ပေ။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ ပြည့်စုံခြင်းကို မျှော်သည် မဟုတ်ဘဲ၊ အရာရာကို မေတ္တာနှင့် တုံ့ပြန်ရန်သာ လိုအပ်သည်။ အခါခါ၌လည်း မောပန်းခြင်းနှင့် ရင်ဆိုင် ရတတ်သောအခါ၌ပင် မိမိ၏ပင်ပန်းမှုကို တင်ပူဇော်လျှက် သခင်ဘုရား၏ ငြိမ်းချမ်းခြင်း၌ တည်မြဲ နိုင်ပါသေးသည်။ ဒီနေ့ ပွဲနေ့ကျရောက်သော St.Faustina ကဲ့သို့ သခင်ဘုရား၏ အကြင်နာမေတ္တာကို သယ်ပိုးပေးသော ပုဂ္ဂိုလ်များ ဖြစ်ကြပါစို့။