“နောင်တရကြလော့” ဆိုတဲ့စကားဟာ ပထမဆုံး ခရစ်တော်ရဲ့ သာသနာလုပ်ငန်း အစမှာ မြွက်ကြားခဲ့ပါတယ်။ နိနဝေမြို့မှ လူတွေဟာ ပရောဖက်ယောနရဲ့ သတိပေး ဟောကြားချက်အားဖြင့် ဘုရင်မှအစ တိုင်းသူပြည်သား အားလုံးနဲ့ တိရစ္ဆာန်ပါမကျန် အစာရှောင်၊ ဆုတောင်း၊ အကျင့်ပြောင်းလဲပြီး နောင်တရခဲ့ကြလို့၊ ဘုရားရှင်ရဲ့ အမျက်တော် မရှဘဲ တစ်မြို့လုံး ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ကြောင်း ကြားရမှာ ဖြစ်ပါတယ်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်မှာလည်း ခရစ်တော်က “မားသာရ် မားသာရ် သင်သည် များစွာသော အမှုကိစ္စအတွက် စိုးရိမ်ပူပန်ခြင်း ရှိ၏။ လိုအပ်သောအရာ တစ်ခုတည်းသာ ရှိ၏။ မာရိယာသည် ကောင်းမြတ်သော အရာကို ရွေးချယ်လေပြီ” (လုကာ ၁၀း၄၂) လို့ ဆိုခဲ့ပါတယ်။ နေ့စဥ်ဘဝမှာ အလုပ်ရှုပ်တဲ့အခါ ရှိသလို၊ အရှုပ်လုပ်တဲ့ အခါတွေလည်း ရှိတတ်ကြပါတယ်။ မနှောင်းသေးတဲ့ နောင်တရှိသလို၊ နောက်မှတတဲ့ နောင်တမျိုးလည်း ရှိပါတယ်။ ခရစ်တော်ရှင် သွန်သင်ပေးလိုတဲ့ အချက်ကတော့ ကောင်းမှုကုသိုလ် ပါရမီများထဲမှ အလိုအပ်ဆုံးသော အရာဟာ ခရစ်တော်ရှင်ကို တိုက်ရိုက် ကြိုဆိုလက်ခံကာ၊ သူ့ရဲ့အသံကို နားထောင်တတ်ဖို့နဲ့ စစ်မှန်တဲ့ နောင်တတရားနဲ့ တိုးဝင်ချဥ်းကပ်နိုင်ဖို့သာ ဖြစ်ပါတယ်။