ဖန်ဆင်းခံ သတ္တ၀ါအပေါင်းနှင့် မေတ္တာ၀ေမျှရန်သည်သာ ဘုရားရှင်၏ ဆန္ဒအမှန် ဖြစ်ပါသောကြောင့် လူကိုဘုရား၏ ပုံစံတော်နှင့် တူအောင် ဖန်ဆင်းပြီး ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ မိသားစု၌ ပါ၀င်စံစားခွင့်ကို ပေးသနား တော်မူခဲ့သည်။ ပြည့်စုံသော လွတ်လပ်မှု၌ ဘုရားရှင်၏ အသက်တာဘ၀တွင် မွေ့လျော်၍ အစဥ်ကျေးဇူးတင်မဆုံး ပြည့်၀သောမေတ္တာဘ၀ကို မြည်းစမ်း ပိုင်ဆိုင်စေခဲ့သည်။ သို့သော် နတ်ဆိုး၏ လှည့်ဖြားမှုကြောင့် အပြစ်နှင့်အတ္တစိတ်တွေ လွှမ်းမိုးလာကာ ဘုရားရှင်နှင့် ၀န်းကျင်ကို ချစ်နိုင်စွမ်း ဆုံးရှုံးပေတော့သည်။ အတ္တ၏ လွှမ်းမိုးမှုကြောင့် မကြာခဏ ဆိုသလို စိတ်မသာမယာမှု၊ ခါးသီးသော စိတ်ဓါတ်ဖြင့်သာ မေတ္တာမဲ့သော ပေါင်းသင်း ဆက်ဆံခြင်းသာ ပွါးများလာတော့သည်။ အစဥ်အမြဲ မိမိဘ၀၌ ဖြစ်ပျက်နေသော အကောင်းနှင့်အဆိုး တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပေတော့သည်။ မည်သို့ပင် ကြိုးပမ်းစေကာမူ မေတ္တာမပါသော ဆက်ဆံရေး၌သာ ကျရောက်နေသည်ကို ခံစားရပေတော့သည်။ ကြောက်မက်ဖွယ်ရာကား ၎င်းအခြေအနေမျိုးမှာ မိမိကိုယ်ကိုမိမိ မကယ်နိုင်တော့ပေ။ ကျွန်ုပ်တို့အားလုံးအတွက် သံပေါလူး စိတ်ပျက်စွာ မြည်တမ်းခဲ့သည်မှာ “မည်သူသည် ငါ့ကို ဤသေခြင်း၏ ကိုယ်ခန္ဓာကို ကယ်တင်မည်နည်း” (ရောမသြ၀ါဒစာ ၇း ၂၄)။ ယေဇူးကိုယ်တော်သာလျှင် ကျွန်ုပ်တို့၏ တစ်ဦးတည်းသော မျှော်လင့်ရမည့်သူ ဖြစ်ပါသည်။ နတ်ဆိုးကို နှိမ်နှင်းပြီး ကျွန်ုပ်တို့ ဘ၀ထဲသို့ နိုင်ငံတော် တည်ဆောက်ရန် ခမည်းတော်က သားတော်ဘုရားကို စေလွှတ်ခဲ့သည်။ ယေဇူးကိုယ်တော်သည် အဖခမည်းတော် ဘုရား၏ စေပါးမှုကို နာခံလျှက် ကားတိုင်မှာ အသက်တော်ကိုစွန့်ကာ ကျွန်ုပ်တို့၌ နိုင်ငံတော်ကို တည်ဆောက် ပေးခဲ့ပေသည်။ ကယ်တင်ခြင်း လုပ်ငန်းသည် လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်တို့အပြစ်၏ အရင်းအမြစ်ကို ချေဖျက်နိုင်ရန် ယေဇူးကိုယ်တော်သည် လွန်စွာ ကြမ်းတမ်းသော မတရား စီရင်မှုကို ခံထမ်းကာ အပြစ်မှ ကယ်တင်ခဲ့သည်။ ထိုနက်နဲသော ဒုက္ခစရိယာလမ်းစဥ်သည် ခမည်းတော်နှင့် ကျွန်ုပ်တို့အား ချစ်သော ထိပ်တန်း အမှတ်လက္ခဏာ သင်္ကေတဖြစ်ပြီး ကျွန်ုပ်တို့အား ၀ိညာဥ်တော်ကို ပေးသနားကာ ဘုရားရှင်နှင့်တူသော ဘ၀ကို ပြန်လည်ပေးနိုင်ခဲ့သည်။ ကျွန်ုပ်တို့သည် ထိုဘ၀သစ်သို့ ကူးပြောင်းနိုင်ရန် ဘ၀သက်တာ တစ်ခုလုံး ရင်းရပေမည်။ ညီအစ်ကို မောင်နှမတို့အား ချစ်ခင်နိုင်ရန် သစ္စာရှိစွာဖြင့် နက်နဲသော ဘုရားရှင်၏ မေတ္တာတော်မြတ်၌ ၀င်စားနိုင်ရပေမည်။ ဘ၀တစ်သက်တာ၌ ကြိုးပမ်းအားထုတ်ကာ အပ်နှံကြရပေမည်။ မပူမအေး ဘ၀သက်တာအတွက် လုံး၀နေရာ မရှိပါ။ မူလအခြေအနေထက် ပို၍မဆိုးသွားလေအောင် လုံ့လ၀ီရိယ စိုက်ထုတ်ကာ ကြိုးပမ်း ခရီးပြုကြရန် သခင်ယေဇူး သွေးဆောင် ဖိတ်ခေါ်နေသည်။ ၀ိညာဥ်တော်၏ ဦးဆောင်မှု၌ မိမိအတ္တကို စွန့်လျက် စွန့်ကြဲလှူတန်းတတ်သော ကြီးမြတ်သည့် မေတ္တာဘ၀၌ လျှောက်လှမ်းကာ ယေဇူးရှင်နှင့်အတူ ခရီးပြုကြရန် ဖြစ်ပေသည်။ ထိုသို့ဖြင့် ကိုယ်တော်၏ ကြင်နာမေတ္တာ၊ ခွင့်လွတ်ခြင်းနှင့် သန့်ရှင်းမွန်မြတ်သော ဘ၀ကို ၀ေမျှကြရန် ဖြစ်ပါသည်။ ယုံကြည်မျှော်လင့်ခြင်းနှင့် ဤသို့သော ခရီးစဥ်ကိုပြုရင်း ကိုယ်တိုင်အတွက်သော်၎င်း၊ အများအတွက်သော်၎င်း၊ သံပေါလူးကဲ့သို့ ရွတ်ဆိုကြပါစို့။ “ငါ၏ဆုတောင်းမေတ္တာတွင် ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော် ကြွယ်၀ပြည့်စုံသည့်အတိုင်း မိမိ၏ ၀ိညာဥ်တော်အားဖြင့် သင်တို့၏ အတွင်းစိတ်၌ ခွန်အားဖြည့်တင်းပေးရန် ကျေးဇူးတော်ကို ပေးသနားတော်မူပါမည့်အကြောင်း၊ ထိုမျှမက ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် သင်တို့၏ စိတ်နှလုံးများတွင် ကိန်းအောင်း တော်မူပါမည့်အကြောင်းနှင့် ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ်၍ အခြေခိုင်လျက် ရှိကြသော သင်တို့သည် သူတော်သူမြတ် အပေါင်းတို့နှင့်အတူ ခရစ်တော်၏ ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း ၊ ကျယ်၀န်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မားကြောင်း ငါဆုတောင်း၏။ ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ ပေါင်းစပ်ကြမည်အကြောင်း ငါဆုတောင်း၏။” ( ဧဖက် ၃း ၁၆ - ၁၉) ကျွန်ုပ်တို့အပေါ်၌ ၎င်းကြမ်းတမ်း၊ ကွဲပြားနေသော အပြစ်၏ အကျဥ်းထောင်၌ ရှိနေကြသော ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး အပေါ်၌၊ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသာ်။
#Sr. Mary Zinghtung Lu (FMM)