ဓမ္မနဲ့ အဓမ္မတရား အပေါ်မှာ ဘုရားသခင် စီရင်ချက် ချမည့်အကြောင်း ပရောဖက် ယောလအားဖြင့် နှိုးဆော်စေခဲ့တဲ့ အရာများကို ထောက်ရှုကြရမှာ ဖြစ်ပါတယ်။ ဓမ္မတရားနဲ့အညီ တနည်းအားဖြင့် ဘုရားရှင် နှုတ်တော်ထွက် စကားနဲ့အညီ နေထိုင်သူများအပေါ် ဘုရားရှင်ရဲ့ ကောင်းကြီးမင်္ဂလာ၊ ဖေးမကူညီမှု ရမဲ့အကြောင်းနဲ့ ဆန့်ကျင်ဖက် အသက်တာကို ရှင်သန်နေကြတဲ့ လူသားများ တနည်းအားဖြင့် အဓမ္မ တရားလမ်းကို လျှောက်လှမ်း နေသူများအား စီရင်ခြင်း ခံကြရမဲ့အကြောင်း၊ အပြစ်မဲ့တဲ့ ယုဒပြည်သူတွေကို ညှင်းဆဲသတ်ဖြတ် ခဲ့ကြတဲ့ အဲဂုတ္တုပြည်နဲ့ ဧဒုံပြည်ဟာ ဆိတ်ငြိမ်ပြီး လူခြေတိတ်တဲ့တိုင်းပြည် ဖြစ်မဲ့အကြောင်း ကြိုတင် သတိပေးခဲ့တယ်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်မှာ ခရစ်တော်က “အမှန်ဆိုရလျှင် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို ကြားနာ၍ လိုက်နာကျင့်ကြံသော သူတို့သည် မင်္ဂလာ ရှိကြ၏” လို့ မိန့်တော်မူခဲ့ပါတယ်။ ဓမ္မနဲ့ အဓမ္မ၊ မင်္ဂလာနဲ့ အမင်္ဂလာ၊ လွတ်လပ်စွာ ရွေးချယ်ပြီး ဘဝကို လျှောက်လမ်း သွားကြပါစို့။
#Sr. Lucy Win (SCCG)