တမန်တော်ကြီး ရှင်ပေါလူးက ရောမမြို့သူမြို့သားတွေကို ကျမ်းစာတော်မြတ်ရဲ့ သတင်းကောင်းဟာ ခရစ်တော် ယေဇူးဖြစ်ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ဧဝံဂလိ သတင်းကောင်းကို လူတိုင်း သူတိုင်းအား ဟောပြော သက်သေခံဖို့ ကျေးဇူးတော် ရရှိထားပြီးဖြစ်တဲ့ ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရန် တာဝန်ရှိကြောင်း နှိုးဆော်ထားပါတယ်။ ဘဝမှာ တခါတရံ အခြေအနေ အမျိုးမျိုးကြောင့် ဘုရားကျေးဇူးတော် ပျောက်ကွယ် သွားတဲ့အခါ ခရစ်တော်ပါ ပျောက်သွားတတ်တယ်။ ဒါ့ကြောင့် နိမိတ်လက္ခာတွေ တောင်းရခြင်းဟာ ဘုရားရှိခြင်းကို မမြင်နိုင်တော့တဲ့ “ဆိုးညစ်သော လူမျိုးဆက်” အဖြစ် ရောက်ခဲ့ကြရတယ်။ အဆိုးနဲ့အကောင်း၊ အကျိုးနဲ့အကြောင်း၊ ပ္ပရနဲ့ အတ္တ၊ မင်္ဂလာနဲ့ အမင်္ဂလာ၊ အသက်နဲ့ သေခြင်း၊ ကုသိုလ်နဲ့ အကုသိုလ် စတဲ့အရာတွေကို ခွဲခြားသိမြင်နိုင်ဖို့ ဆော်လမုန် မင်းကြီးက ဘုရားရှင်ထံမှာ ပညာပါရမီကို တောင်းခံခဲ့တယ်။ ဆော်လမုန် မင်းကြီးနဲ့ ပရောဖက် ယောနထက် ကြီးမြတ်တဲ့ ခရစ်တော် ဘုရားရှင်ကို နေ့စဥ်အသက်တာမှာ ရှာဖွေတွေ့ရှိနိုင်ဖို့ ကျေးဇူးတော် အလင်းတရားတွေ ဆက်လက် တောင်းခံကြပါစို့။
#Sr. Lucy Win (SCCG)