လောကမှာ ဒုက္ခတရားဆိုတာ အထက်၊ အောက်၊ ဘေးက လာတတ်ပါတယ်။ ကျမ်းစာတစ်နေရာမှာ ဆိုထားတာကတော့ မိုးရွာတယ်၊ ရေကြီးတယ်၊ လေမုန်တိုင်း ထန်တယ်၊ ဒါပေမဲ့ ကျောက်ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ဟာ ပြိုလဲခြင်း မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ ပထမကျမ်းစာထဲမှာ ခရစ်တော်ရဲ့ ဒုက္ခတရားအကြောင်းကို ပုံရိပ်သဖွယ် ပြသခဲ့ပါတယ်။ ရှင်ပေါလုကတော့ ခရစ်တော်ဟာ ရဟန်းချုပ်တစ်ပါး ဘုရားရှင်ရဲ့ သားတော်၊ ကောင်းကင်ဘုံသို့ တက်ကြွတော်မူသော ယေဇူးဘုရား ဖြစ်ကြောင်း၊ ထိုသခင်အပေါ်မှာ ယုံကြည်ခြင်း အပြည့်အဝဖြင့် ချဥ်းကပ်ခိုလှုံရန် ဟေဗြေဦး လူတွေကို အတိအလင်း ဖေါ်ပြ သွန်သင်ခဲ့ပါတယ်။ ဒုက္ခတရားနဲ့ ဒွန်တွဲတဲ့ အရာတစ်ခုက နှိမ့်ချခြင်း၊ အစေခံခြင်းဘဲ ဖြစ်ပါတယ်။ အထက်အရပ်မှလာတဲ့ ဒုက္ခတရား (ဘုရားအလိုတော်) ဘဲဖြစ်စေ၊ မိမိရဲ့ အားနည်းချက်ကြောင့် (အောက်အရပ်) ဖြစ်စေ၊ ပတ်ဝန်းကျင် (ဘေးအရပ်) မှဖြစ်စေ၊ ကြုံလာသမျှ အခက်အခဲတွေကို ခရစ်တော် အပေါ်မှာ ယုံကြည်အားကိုးပြီး နှိမ့်ချတဲ့ နှလုံးသားနဲ့ လက်ခံ ကျော်ဖြတ်ဖို့ရန်၊ ခွန်အား ပေးနေပါတယ်။ နေ့စဥ်အသက်တာမှာ ကြုံလာတဲ့ကားတိုင်ကို ထမ်းပြီး ငါ့နောက်လိုက်ပါလို့ ဖိတ်ခေါ်နေတဲ့ ခရစ်တော်ကဘဲ ဒီနေ့ ‘သင်တို့တွင် အကြီးဆုံး ဖြစ်လိုသော သူသည် သင်တို့၏ အစေခံ ဖြစ်ရမယ်’ (မာကု ၁၀း၄၃) ဆိုတဲ့ စိန်ခေါ်ချက်ကို နေ့စဥ်အသက်တာမှာ အဖြေပေးနိုင်ရန် ကြိုးစား ရှင်သန်ကြပါစို့။
#Sr. Lucy Win (SCCG)