ဒီနေ့လေးဟာ ဧဝံဂေလိကျမ်းရေး ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ St. Luke ရဲ့ ပွဲနေ့လေး ဖြစ်ပါတယ်... သူဟာ တမန်တော်ဝတ္ထုကို ရေးသားခဲ့သူလဲ ဖြစ်တယ်... ဒါပေမယ့် St. Luke ဟာ ခရစ်တော်ရဲ့ တိုက်ရိုက် ရွေးကောက် ခံရတဲ့ တပည့်တော်ကြီး မဟုတ်ခဲ့ပဲ St. Paulရဲ့ နောက်လိုက်တစ်ဦး ဖြစ်ခဲ့ပါတယ်... St. Paul ရဲ့ တမန်တော်ခရီး တစ်လျှောက်မှာ အင်မတန် အားကိုးအားထား ပြုရတဲ့ တပည့်ကောင်း တစ်ဦးပေါ့... ဒီနေ့ရဲ့ ပထမကျမ်းထဲမှာ သူ့အကြောင်းကို ဖော်ပြထားပါတယ်။ ဘယ်လောက်ပဲ ခရစ်တော်ရဲ့ မူလနောက်လိုက် မဟုတ်ဘူး ဆိုပေမယ့် သူဟာ သခင်ယေဇူးရဲ့ အကြောင်းကို ရေးသား ဝေမျှနိုင်တဲ့အထိ ကြိုးစား လေ့လာခဲ့သူပါ.. သူ့ရဲ့ လုံ့လ ဝီရိယနဲ့ သက်ဝင်ယုံကြည်မှုကို ကျမတို့တွေ အတုယူသင့်တယ်လို့ ထင်မြင်မိပါတယ်... ဆာလံကျမ်းမှာတော့... “ဘုရားသခင်ရဲ့ ရဟန္တာတွေဟာ ခရစ်တော်ရဲ့ ဘုန်းတော်ကို ထင်ရှားစေကြတယ်" လို့ ရေးဖွဲ့ထားပါတယ်... ဒါကလဲ St. Luke ရဲ့ လုပ်ဆောင်မှုကို ပိုမိုထင်ရှားစေသလို... ကျမတို့ရဲ့ ပေးဆပ်ခြင်း အသီးအပွင့်ဟာ ဘုရားသခင်ထံမှာ ရှိနေကြောင်း အားပေးနေသလိုပါပဲ... တစ်ဖန် ဧဝံဂေလိကျမ်းထဲမှာတော့ Lk (10:1-9) ကျမတို့ကို ဖိတ်ခေါ်ထားပါတယ်။ "ဘုရားသခင်ရဲ့ လယ်ကွင်းမှာ ရိတ်သိမ်းသူတို့ များစွာ လိုအပ်နေသေးကြောင်း" ကြားရတဲ့အခါ ကျမတို့ဟာ ခေါ်တော်မူခြင်းအတွက် များစွာ ဆုတောင်းကြဖို့ မီးမောင်း ထိုးပြနေသလို တစ်ဖက်မှာလဲ ကျမတို့ ရွေးချယ်ထားတဲ့ ခေါ်တော်မူခြင်းကို နက်ရှိုင်း ခိုင်မြဲအောင် ကြိုးစားကြဖို့ သတိပေးနေပါတယ်။
ဒီဝေမျှခြင်းကို မေးခွန်းလေးတွေနဲ့ အဆုံးသတ်ပါရစေ...
(၁) ခရစ်တော်ရဲ့ နောက်လိုက်တစ်ဦး အနေနဲ့ ခရစ်တော်အကြောင်း ဘယ်လောက် သိနေပြီလဲ?
(၂) ခရစ်တော်ရဲ့ လယ်ကွင်းမှာ အုတ်တစ်ချပ် သဲတပွင့် အနေနဲ့ သင်တကယ် ပါဝင်နေပြီလား။
(၃) ခေါ်တော်မူခြင်း တိုးပွားလာဖို့ ဘယ်အခန်း ကဏ္ဌကနေ ပါဝင်နေသလဲ။ ဆုတောင်း ပေးသူလား။ အကျင့်သက်သေနဲ့ ဝေမျှခြင်းအားဖြင့် ပါဝင်နေသူလား... ပြန်လည်ဆန်းစစ်ကြပါစို့....
#Sr. Agnes Caroline, FMM.