"You also must be ready, for the Son of Man is coming at an hour you do not expect"
ဒီနေ့ကျမ်းစာထဲမှာ Lk 12: 39-48 ကျွန်ုပ်တို့အားလုံး ခရစ်တော်သခင်ကို အဆင်သင့် အနေအထားနဲ့ စောင့်နေကြဖို့ သတိပေးထားပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ တွေ့မယ်ဆိုတာ မသိနိုင်တာကြောင့် ကျွန်ုပ်တို့ အဆင်သင့် ပြင်ဆင်ထားကြဖို့ လိုအပ်တယ်။ ချစ်မိတ်ဆွေတို့ရေ အခုလို အခက်အခဲ အမျိုးမျိုး တွေ့ကြုံနေကြရတဲ့ လောကကြီးကို ကြည့်ရအောင်။ လူသားတွေဟာ နေရာတိုင်းမှာ ဘေးဒုက္ခမျိုးစုံ အထူးသဖြင့် Covid 19 ဆိုတဲ့ ဆေးမရှိတဲ့ ကပ်ရောဂါကို ခံစားနေရတဲ့ အချိန်မှာ လူတွေရဲ့ တစ်ပြိုင်နက် ထွက်လာတဲ့ မေးခွန်းကတော့ "ဘုရားတကယ် ရှိသလား။ ဘုရားက ငါတို့ဆုတောင်းတာကို မကြားဘူးလား။ ဘုရားက ဒီရောဂါဆိုးတွေကို ဘာလို့ခွင့်ပြု ထားရသလဲ...” အချို့လူတွေဟာ ဘုရားမရှိဘူးလို့ပဲ မှတ်ယူလိုက်ကြပြီး ဘဝကို သူတို့ ကြိုက်သလို ဘုရားမပါပဲ လျှောက်လှမ်း ပစ်လိုက်ကြတော့တယ်.. ဘုရားက ငါတို့ အဆင်ပြေတဲ့အချိန်၊ ပျော်ရွှင်တဲ့အချိန်မှာပဲ ရှိနေတာလားဆိုတာ စာရေးသူရဲ့ ဥပမာလေးနဲ့ ပြောပြချင်ပါတယ်။ ၂၀၂၀-၂၀၂၁ ဟာ မိသားစုအတွက် ဒုက္ခအရောက်ဆုံးနဲ့ စိတ်ညစ်ရဆုံး ဖြစ်ခဲ့တယ်။ မောင်နှမတွေ တယောက်နဲ့ တစ်ယောက် မခေါ်နိုင်တဲ့အထိ အဆင်မပြေမှုတွေ၊ နားလည်မှု လွဲတာတွေ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး အငယ်ဆုံးမောင်ရဲ့ ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်လာခဲ့တယ်။ ရှုပ်ထွေးနေတဲ့ တိုင်းပြည် ပြဿနာတွေကလည်း ဒီအခြေအနေကို ရာခိုင်နှုန်း မြှင့်ပေးလိုက်သလိုပါပဲ။ တစ်ရက် ဒီအခက်အခဲကနေ လွတ်မြောက်ဖို့ ခရစ်တော်ဆီကို အားကိုးတကြီး ရောက်သွားခဲ့တယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ တည်ရှိခြင်းကို ရှာမတွေ့နိုင်ခဲ့ဘူး။ ဘုရားက ဘာလို့ ဒီဒုက္ခတွေကို ကြုံတွေ့စေတာလဲ၊ အထင်လွဲမှုတွေကို ဘာလို့ ခွင့်ပြုသလဲ ဆိုတာကို မေးနေခဲ့တယ်... အမေကတော့ ကြီးမားတဲ့ ယုံကြည်ခြင်းနဲ့ ဆက်လက် တောင့်ခံဖို့ အားပေးနေမြဲ။ ဒါပေမယ့် ဘုရားသခင်သာလျှင် အရာအားလုံးကို တတ်နိုင်တယ်လို့ လုံးဝလက်ခံပြီး သူ့လက်တော်ထဲ အပ်နှံနိုင်တဲ့ အချိန်မှာ နေ့ရက်တွေဟာ ပြန်လည် လှပလာခဲ့တယ်။ "တော်ပါသေးရဲ့" ဆိုတဲ့စိတ်နဲ့ အရာရာကို လက်ခံတတ်လာတဲ့အမျှ မောင်လေးလည်း နေပြန်ကောင်းလာပြီး ပြည်မကို ထွက်ခွာနိုင်တဲ့အထိ နေကောင်း ကျန်းမာ လာခဲ့သလို မောင်နှမတွေလဲ စည်းစည်းလုံးလုံးနဲ့ ချစ်ခင်လာကြတယ်... တစ်ဖက်မှာ တိုင်းပြည်ရဲ့ အခြေအနေကိုလည်း လက်ခံဆုတောင်း ပေးတတ်လာတယ်။ ဒီစာကို ရေးနေရင်း တွေးမိတာက အဲ့လိုအခြေအနေ မုန်တိုင်းကြားမှာ ခရစ်တော်ဟာ မိသားစုထဲမှာနေပြီး အနီးဆုံး နေရာကနေ လက်တွဲခေါ်ခဲ့တယ် ဆိုတာပါပဲ... ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ပါစေ၊ တို့တွေ သူ့အတွက် အဆင်သင့် စောင့်နေကြမယ်ဆိုရင် သူ့ရဲ့တည်ရှိခြင်းဟာ ပျော်ရွှင်မှုကို အမြဲပေးနေမှာပါပဲ.....။
#Sr. Agnes Caroline, FMM