လူ့လောကကြီးကို ဘုရားရှင် ကိုယ်တိုင် ပျော်စရာ၊ ကြည်နူးစရာ ဧဒင်ဥယျာဥ် အမည်ပေးပြီး ဘုရား ကိုယ်တော်တိုင် ဖန်ဆင်း ထားခဲ့ပါတယ်။ မတူညီတဲ့ ပန်းပေါင်းစုံရဲ့ အလှပိုင်ရှင် ဥယျာဥ်ကြီးလိုပဲ လူတစ်ဦးဆီမှာ မတူညီတဲ့ ကျေးဇူးတွေကို ပေးထားပြီး လူ့လောကကြီးကို အလှဆင်ဖို့ ဘုရားရှင် အလိုရှိခဲ့ပါတယ်။ ဒါပေမယ့် အပြစ်တရားရဲ့ ဆွဲဆောင်မှုနောက်မှာ သစ္စာမဲ့ခြင်း၊ ကျေးဇူးကန်းခြင်း၊ မာနထောင်လွှားခြင်း၊ မနာလို မုန်းတီးခြင်းများနဲ့ ဘုရားပေးထားတဲ့ ကျေးဇူးတော်တွေ မှေးမှိန်တဲ့ အခြေအနေများနဲ့ ကြုံဆုံတတ်ပါတယ်။ ဒါကြောင့် ရရှိထားတဲ့ ကျေးဇူးတော်တွေကို အလွဲသုံးစား မပြုဘဲ သစ္စာရှိရှိ သခင့်အလိုကျ ရှင်သန် လျှောက်လှမ်းကြဖို့ ဆုပေး၊ ဒဏ်ပေး စနစ်မျိုးနဲ့ ဆုံးမပဲ့ပြင် ထားတာကို ကြားနာကြရမှာပါ။ ဘုရားရှင်အပေါ် သိလျက်နဲ့ သစ္စာမရှိတဲ့ လုပ်ရပ်များအတွက် “ပြင်းထန်စွာ ရိုက်နှက် ဒဏ်ပေးခြင်း ခံရလိမ့်မည်” (လုကာ ၁၂း ၄၇) လို့ ဖော်ပြထားသလို သစ္စာတရားနဲ့ ပညာအလိမ္မာ ပြည့်စုံသူ အဖို့ကတော့ “သခင်ရဲ့ ဥစ္စာပစ္စည်း အားလုံးကို အပ်နှင်းခြင်း ခံရပြီး မင်္ဂလာ ရှိတယ်လို့ ချီးမွမ်းခြင်း ခံရမှာ ဖြစ်တယ်။ သင်နဲ့ ကျွန်ုပ်ရဲ့ နေ့စဥ်ဘဝမှာ သခင့်စိတ်တော်နဲ့တွေ့ဖို့ အလိုတော် ဖြည့်စွက်နိုင်ဖို့ ကျေးဇူးတော် လုံလောက်ပေ၏။
#Sr. Lucy Win (SCCG)