ဒီနေ့ကျမ်းစာမှာတော့ တို့ဘဝထဲကို လက်တွေ့ ရောက်လာတဲ့ ခရစ်တော်ရဲ့ ပုံစံဟာ စိတ်ကူးနဲ့ တခြားစီ ဖြစ်နေတာ တွေ့ရမယ်နော်။ ခရစ်တော်ဟာ သူ့အကြောင်းကို မျက်ဝါးထင်ထင် မြင်နိုင်အောင် သူ့ရဲ့ တပည့်တော်တွေနဲ့ ကျမတို့ကို ပြောပြထားတာကတော့ "လောကကို မီးလောင်ကျွမ်းစေဖို့ လာခြင်းဖြစ်ပြီး မီးမညှိနိုင်မချင်း သူ့ရဲ့အလိုဆန္ဒ မပြည့်စုံကြောင်း၊ ဆေးကြောခြင်း ခံယူဖို့ရှိပြီး မပြီးမြောက်ခင်အထိ သူမပျော်ရွှင် နိုင်သေးကြောင်း ရှင်းပြထားတယ်။ ဒီနေရာမှာ ဆေးကြောခြင်းက အသွေးအားဖြင့် ဆေးကြောခြင်း ခံယူဖို့ ရှိတာကို ထုတ်ဖော် ပြောခြင်းပဲ ဖြစ်တယ်။ စာရေးသူ နားလည်မိတာကတော့ ခရစ်တော်ဟာ လောကမှာ Mission လုပ်ဖို့ တအား စိတ်ထက်သန် ပြင်းပြနေတယ် ဆိုတာပါပဲ။ ဆေးကြောခြင်း ဆိုတာကတော့ သူ့ရဲ့ အသေခံတော်မူခြင်းအားဖြင့် အပြစ်သားတွေကို ကယ်တင်မယ်ဆိုတဲ့ စီမံကိန်းပေါ့။ မီးလို တောက်လောင်နေတဲ့ သူ့ရဲ့အချစ်ကို လေ့လာမိတော့ တကယ် ကြည်နူးရတယ်။ အပြစ်သားတွေကို အဲ့လောက် ချစ်ရသလား ဆိုပြီးတော့လေ။ သူ့ရဲ့ Mission ဟာ ဘယ်အကြောင်းကြောင့်မှ ပျက်မသွားခဲ့ဘူး။ "အချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာ၏" ဆိုတဲ့စာကြောင်းဟာ သူ့ရဲ့ခမ်းနားမှုကို ဖော်ပြနေတယ်။ အထူးသဖြင့် မိသားစု အသိုင်းအဝိုင်းထဲမှာ ကွဲပြားစေတယ်။ ဘယ်လို ကွဲစေတာလဲဆိုရင် သူရဲ့ mission မှာ ပါဝင်ထမ်းဆောင်မယ့် သူတိုင်းဟာ မိသားစုကို စွန့်လွှတ် ခွဲခွာကြရတယ်ဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကို ဆိုလိုတာ ဖြစ်တယ်။ တပည့်တော်ကြီးတွေကိုလဲ ဒီအကြောင်းကို သိအောင် ထုတ်ဖော် လိုက်တာပါပဲ။ အရေးကြီးတာက ဒီစိန်ခေါ်ချက်ကို ကျမတို့ ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ကာလက ကျမတို့ သီလရှင် ဝတ်ဖို့ မိသားစု အသိုင်းအဝိုင်းကို စွန့်လွတ်ခဲ့ရချိန်ကို ပြန်လည် စဥ်းစားကြည့်ရအောင်။ ကျမဘဝမှာဆိုရင် သီလရှင် ဝတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပထမဆုံး တွေ့ကြုံရတာက အဖေရဲ့ ကန့်ကွက်မှုတွေပါ။ သူချစ်တဲ့သမီးကို မိသားစုထဲကနေ ထုတ်ပြီး အဝေးကို လွှတ်ရမှာကို သူလုံးဝ သဘောမတူခဲ့ဘူး။ ဒါပေမယ့် ပြန်စဥ်းစားကြည့်တော့ အဲ့ဒီအရာတွေကို ကျော်လွှားနိုင်ခဲ့တာ ဘုရားကျေးဇူးတော် သက်သက်နဲ့ပါလားဆိုတာ ပြန်ခံစားမိပြီး ကျေးဇူးအထပ်ထပ် တင်မိတယ်။ အဲ့ဒီရွေးချယ်မှုကြောင့် ဘုရားရဲ့နောက်လိုက် ဖြစ်လာခဲ့ပြီး အခုထိတိုင် ဘုရားရဲ့ mission ထဲမှာ တစ်တပ်တအား ပါဝင်နိုင်ခဲ့တယ်။ ဒီဘဝကြောင့် အမြဲပျော်ရွှင်ရပြီး လွယ်ကူနေခဲ့တာတော့ မဟုတ်ဘူး။ အခက်အခဲက တခါတလေ ဆီးကြိုနေတတ်တယ်။ ဒါပေမယ့် ကျေကျေနပ်နပ် ရွေးချယ်တဲ့ဘဝမို့ အားပြန်တင်းရင်း ဘာသာတူ မောင်နှမတွေရဲ့ ဆုတောင်းခြင်းနဲ့ ရှေ့ဆက်လာနိုင်ခဲ့တယ်... ဒီစာကို ဖတ်နေကြတဲ့ ညီအစ်မများလဲ သူ(ခရစ်တော်)အတွက် ဆက်ကပ်ထားတဲ့ ဘဝကို သူပေးတဲ့ ခွန်အားနဲ့ သစ္စာရှိရှိ လျှောက်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ရှင်။
#Sr. Agnes Caroline, FMM