လူတိုင်းရဲ့ စိတ်အတွင်းမှာရှိတဲ့ ပဋိပက္ခများ အကြောင်းကို စိန့်ပေါလ်ရဲ့ ကိုယ်တွေ့ ဖြစ်စဥ်နဲ့ ဖော်ပြထားတာကတော့ “ငါသည် ငါပြုလုပ် လိုသည့်အတိုင်း မပြုကျင့်ဘဲ ငါရွံ့ရှာ မုန်းတီးသော အမှုကိုသာ ပြုကျင့်၏။ ထိုသို့ ပြုလုပ်သောသူမှာ ငါမဟုတ်ဘဲ ငါ၏ စိတ်နှလုံး အတွင်း၌ ကိန်းအောင်းနေသော အပြစ်သာ ဖြစ်၏။” (ရောမ ၇း ၁၅) လို့ ဖော်ပြ ထားပါတယ်။ အပြစ်ပြုခြင်း အမှုမှာ မသိဘဲ ပြုမိတာထက် သိလျက် မရှောင်နိုင်ဘဲ ပြုကျင့်တာ များပါတယ်။ ဒီလိုဘ၀ဖြစ်စဥ်နဲ့ ဆက်လက် လျှောက်လှမ်း နေရင်တော့ ဒီနေ့ ခရစ်တော် ပြောနေတဲ့ နှုတ်တော်ထွက် စကားဟာ နောက်မကျ လောက်သေးပါဘူး။ နောင်တတရားနဲ့ ခရစ်တော်ရဲ့ ရင်ခွင်မှာ တိုး၀င်သမျှသော အားနွဲ့သူ လူသားများအား အမြဲလက်ကမ်း ကြိုနေတဲ့ သူ့ရဲ့ မေတ္တာကို အစဥ်နှလုံးသွင်းကာ သူ့ရဲ့ရင်ခွင်မှာ နွေးထွေးစွာ ခိုလှုံနိုင်ကြဖို့ ကြိုးစားရင်း ကျန်ရှိတဲ့ အသက်တာကို ပူဇော်ကြပါစို့။ ရေကူးလို့ “ဘဲ” ဖြစ်တာမဟုတ်၊ “ဘဲ” ဖြစ်လို့ ရေကူးတာ၊ အပြစ်လုပ်လို့ အပြစ်သား ဖြစ်တာ မဟုတ်၊ အပြစ်သားဖြစ်လို့ အပြစ် လုပ်တာပါ။ ဘုရားရှင်က လူဆိုတဲ့ အပြစ်သားအတွက် ကားတိုင်မှာ ကယ်တင်ခဲ့ပြီး အမြဲတမ်း ခွင့်လွှတ်ခြင်းနဲ့ စောင့်ကြိုနေတဲ့ ဘုရားရှင် ဖြစ်ပါတယ်။
#Sr. Lucy Win (SCCG)