ဒီကနေ့ ကျမ်းစာလေးထဲမှာ Luke 13: 1-9 ပုံဥပမာ သုံးခုကို တွေ့ရတယ်။ ပထမတစ်ခုက လူတယောက်ရဲ့ ဘာသာရေး အစွန်းရောက်မှုကြောင့် လူအချို့ သေကြရတယ်။ ဒါကို သူတို့က အပြစ်တွေ ပိုလုပ်လို့ အဲ့လို သေရတာပါလို့ ပြောလို့ရသလား။ မရဘူး။ တစ်ချိန်ထဲမှာ တို့တစ်တွေ ပြင်ဆင်ထားဖိုတော့ လိုတယ်။ ဘာလို့လဲဆိုတော့ ဘယ်အချိန်၊ ဘယ်လိုနေရာမှာ တို့တတွေ သေနိုင်တယ်ဆိုတာ မသိတဲ့ အတွက်ကြောင့်ပဲ။ ဒုတိယတစ်ခုကတော့ Construction accident ကြောင့် လူတွေ သေကြတယ်။ သူတို့တွေရဲ့ ယုံကြည်ချက်က သဘာဝ ဘေးဒဏ်တွေနဲ့ တွေ့တိုင်း ဘုရားက အပြစ်တွေကြောင့် ပြစ်ဒဏ် ခတ်တာလို့ ယူဆကြတယ်လေ။ သခင်ခရစ်တော်က ဘာပြောထားသလဲဆိုတော့ ဒါတွေက ဝိညာဉ်ရေးမှာ အရိပ်နိမိတ်တွေ မဟုတ်ဘူး။ ဒါပေမဲ့ မိမိတို့ရဲ့ အပြစ်တွေအတွက် နောင်တမရတဲ့ သူတွေကတော့ ပျက်စီးခြင်း ရောက်မယ် ဆိုတာကို အတိအလင်း ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး စီရင်တဲ့နေ့မှာ ဘုရားက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ အမှန်တရားဖက်မှာ ဖြောင့်မတ်စွာ ရပ်တည်မယ် ဆိုတာကို သူပြောထားတဲ့ အတွက်ကြောင့်ပဲ။ ဘယ်လိုမျိူး အကြောင်းပြချက်ကမှ သူရဲ့ရပ်တည်ချက်ကို ပြောင်းလဲလို့ရမှာ မဟုတ်လို့ပဲ မိတ်ဆွေတို့ရေ။ ဒီမှာတော့ ဘုရားရဲ့ စီရင်ချက်က တင်းကျပ်တယ်လို မြင်ရတယ်နော်။ တတိယ ဥပမာလေးကတော့ တို့တွေရဲ့ ဘုရားက သနားကရုဏာရှင် ဆိုတာကိုလည်း မမေ့ဖို့ ဖော်ပြထားတယ်နော်။ လူတယောက်က သူပိုင်တဲ့ သင်္ဘောသဖန်းပင်လေး အချိန်တန်တဲ့အထိ အသီးအပွင့် မရှိတဲ့အတွက် ခုတ်ပစ်ဖို့ ဥယျာဉ်စောင့်ကို ပြောတယ်။ ဥယျာဉ်စောင့်က သူပြုစု ပျိူးထောင်ထားတဲ့ အပင်လေးကို တော်ရုံနဲ့တော့ လွယ်လွယ် ဖျက်ဆီးခံမလဲနော်။ မြေသြဇာ ပြန်ထည့်ပြီး သူရဲ့အပင်လေး အသီးကောင်းကောင်း သီးပါလိမ့်မယ် ဆိုတာကို ဥယျာဉ်ရှင်ဆီမှာ သနားခံလိုက်တယ်နော်။ ဘယ်လောက် ကောင်းလိုက်တဲ့ ဥပမာလေးလဲ။ ဒို့ရဲ့ဝိညာဉ်လေးလို စဉ်းစား ကြည့်ရအောင်နော်။ ဝိညာဉ်လေးက ပိုင်ရှင် ရှိတယ်နော်။ တနေ့ တို့တွေက ပိုင်ရှင်ထံ ပြန်အပ်ရမှာ... အဲအချိန်မှာ ဝိညာဉ်လေးက ရှင်သန် ကြီးထွားပြီး အသီးအပွင့်တွေနဲ့ ဝေဆာနေရမှာ ဆိုတာကို သတိမူရင်း... တို့တွေရဲ့ နေ့စဉ်ဘဝမှာ အချိန်ပြန်လည်ယူပြီး မိမိကိုယ်ကို သခင်ခရစ်တော်ရဲ့ လမ်းစဉ်အားဖြင့် ပြန်လည် ပြုပြင်ကြစို့နော်။
#Sr. Agnes Caroline, FMM