ဒီနေ့ Mk 10: 46-52 ဧဝံဂေလိ ကျမ်းရေးပုဂ္ဂိုလ်က သူရဲ့ အသိုင်းအဝိုင်းမှာ ရှိတဲ့သူတွေကို ယုံကြည်ခြင်းက ဘယ်လောက်တောင် အရေးကြီးတယ် ဆိုတာကို သခင်ခရစ်တော် မျက်မမြင်ကို ကုသပေးတဲ့ အကြောင်းအရာလေးနဲ့ ဒို့တွေကို သင်ကြား ပြောထားတာ တွေ့ရတယ်။ သခင်ခရစ်တော်ရဲ့ သင်ကြားမှုက အပြောသက်သက် မဟုတ်ဘူး။ လက်တွေ့ကျကျ လုပ်ဆောင်ချက်တွေနဲ့ သင်ကြားပေးနေတာပဲ ဖြစ်တယ်။ မျက်မမြင်က တောင်းစားနေတဲ့ လူတယောက်၊ ဒါပေမဲ့ သူက သခင်ခရစ်တော်ကို မမြင်ပေမဲ့ အကြားအားဖြင့် သူရဲ့ ယုံကြည်ခြင်းက သူ့ကို သခင်ခရစ်တော်ထံသို့ ချဉ်းကပ်ဖို့ တွန်းအားပေးခဲ့တယ်။ လူတွေ သူ့ကို ဘယ်လိုပဲ အော်ငေါက်ပါစေ၊ သူရဲ့အင်အားကို သုံးပြီး သခင်ခရစ်တော် ကြားအောင် အသံကုန် အော်ခေါ်ခဲ့တယ်။ "ဒါဝိတ်ရဲ့ သားတော် သနားပါ။" သူရဲ့ အသံကို ကြားပြီး သခင်ခရစ်တော်က သူလိုနေတဲ့ မျက်စိအလင်းကို ပြန်လည် ပေးခဲ့တယ်။ သူအလင်း ပြန်ရတာက သူရဲ့ ယုံကြည်ခြင်းကြောင့် သခင်ခရစ်တော်ရဲ့ သနားကြင်နာခြင်းကို ထိတွေ့ရပြီး ကုသခြင်းကို ရရှိခဲ့တယ်။ အဲ့ဒီနောက်မှာ သူက ခရစ်တော်ရဲ့ နောက်လိုက် ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ဒို့တတွေ သူရဲ့ Action ပိုင်းကို ကြည့်ကြစို့။ ပထမအနေနဲ့ သူ့မှာ ကြားရုံမျှနဲ့ နက်ရှိုင်းတဲ့ ယုံကြည်ခြင်း ရှိတယ်။ ဒုတိယက သူ့ရဲ့ အမြင်အာရုံ အသစ်နဲ့ သခင်ခရစ်တော် နောက်လိုက် ဖြစ်လာတယ်။ သူရဲ့ နဂိုတောင်းစားနေတဲ့ လူအုပ်ကြီးထဲကို ပြန်မသွားဘူးနော်။ ဒို့တွေကို သင်ခန်းစာ ပေးတာကတော့ သခင်ခရစ်တော်ရဲ့ ကုသခြင်းကို ရတဲ့သူတိုင်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအထိ ကုသခြင်း ရရှိတာ တွေ့ရတယ်။ ခန္ဓာကိုယ်ပဲ မဟုတ်ပဲ ဝိညာဉ်ရေးရာအထိ ကျေးဇူးတော် ရတယ်ဆိုတာ တွေ့ရတယ်နော်။ ဒို့တွေရဲ့ ယုံကြည်မှု တခုတည်းက ကာယနဲ့ ဝိညာဥ်ရေးကို ဘယ်လောက်တောင် အကျိူးပြုသလဲ ဆိုတာကို ခွန်အားယူရင်း တို့တွေရဲ့ ဘဝအသက်တာမှာ အရာရာကို ဆုတောင်းရင်း ကျေးဇူးတင် ချီးမွမ်းကြစို့နော်။
မေးခွန်းလေးနဲ့ အဆုံးသတ်ကြစို့။
၁။ မိမိရဲ့ ယုံကြည်ခြင်းက ကာယနဲ့ ဝိညာဉ်ရေးရာအတွက် အထောက်အကူ ဖြစ်နေရဲ့လား?
၂။ ဒို့တွေရဲ့ တောင်းလျောက်သံကို ဘုရားကြားအောင် ဘယ်လောက်အထိ အားစိုက်ပြီး ကြိုးစား ခေါ်တကြပါသလဲ...
ပြန်လည် ထောက်ရှုကြရင်း လက်တွေ့ဘဝမှာ ကျင့်သုံး သွားကြပါစို့။
#Sr. Agnes Caroline, FMM