ယနေ့ဖတ်ရှုရသော ဧဝံဂလိကျမ်းစာတော်မြတ်မှာ မတတ်နိုင်သောလူသားများအတွက် အရာအားလုံးစုံကို တတ်နိုင်သောဘုရားရှိကြောင်း၊ မပြည့်စုံသောလူသားများအတွက် ပြည့်ဝစုံလင်သော ဘုရားရှိကြောင်း သိရပေသည်။ အဘယ့်ကြောင့်ဆိုသော် မျက်မမြင်နှစ်ယောက်တို့သည် ဒါဝိတ်သားတော်ကျွန်ုပ်ကိုကယ်ပါဟု ကျယ်လောင်စွာ ဟစ်အော်တောင်းလျှောက်သောကြောင့်ဖြစ်သည်။ သူတို့အား မျက်စိအလင်းကို ပေးနိုင်သူ ဘုရားသားတော် ခရစ်တော်သခင်သာ ပေးနိုင်စွမ်းရှိသည်ကို ယုံကြည်မှုအပြည့်အဝရှိကြောင်းကို သိရလေသည်။ ခရစ်တော်သခင် လူ့အဖြစ်ယူခြင်းသည် လူသားများကို အပြစ်၏ကျွန်ဘဝမှ ကယ်တင်ရန်၊ ဖြောင့်မတ်ခြင်း အလင်းပေးရန်၊ ဝိညာဉ်ကာယ ကုသပေးရန် ဆင်းကြွလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကူညီစောင်မမှု အပြည့်အဝ လိုအပ်ကြောင်း ဘဝအသက်တာတွင် အမြဲသိရှိရပေမည်။ မျက်စိမမြင်ရခြင်းသည် ဖန်ဆင်းခံ ကမ္ဘာလောကကြီးနှင့် သတ္တဝါများ၏ လှပတင့်တယ်ခြင်းနှင့် အခြားသူများ၏ လိုအပ်ချက်များကို မမြင်တွေ့နိုင်တော့ပေ။ မိမိကိုယ်ကိုလည်း မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။ ထိုအခါ မိမိအားနည်းချက် များကိုလည်း မမြင်နိုင်တော့ပေ။ မျက်စိကန်း တစ္ဆေမကြောက်ဆိုသည့် ဆိုရိုးစကားအတိုင်း အန္တရာယ်ကိုလည်း မတွေ့နိုင်၊ မသိနိုင်၊ မကြောက်နိုင်တော့သော အခြေအနေရောက်ရှိပါသည်။ ထို့အတူ မျက်စိမြင်နေလျှက်နှင့် ဘုရားသခင်၏ လက်ယာတော်များကို မမြင်မတွေ့၊ သမ္မာတရား၏ လမ်းတော်ကိုလည်း မမြင်မတွေ့၊ မလျှောက်လှမ်း၊ နီးစပ်သူများ၏ အကူအညီ လိုအပ်သူများအား မြင်တွေ့ပါလျှက်နှင့် မမြင်ချင် ယောင်ဆောင်သောသူသည် မျက်စိကန်းနေသောသူများနှင့် အလားတူပင်ဖြစ်သည်။ ထို့ကြောင့် နှိမ့်ချစွာဖြင့် တင်းကုတ်တွင် မွေးဖွားလာမည့် သူငယ်တော်လေးအား ကြိုဆိုရန် ပြင်ဆင်နေသော အချိန်အခါတွင် ထိုက်တန်စွာ ကြိုဆိုနိုင်ရန် ကျွန်ုပ်တို့အရှိအတိုင်း မြင်နိုင်ဖို့ရန် ဝိညာဉ်မျက်စိကို အလင်းပေးနိုင်သော အလင်းရှင် သူငယ်တော်ယေဇူးထံ အသနားခံ တောင်းလျှောက်ကြပါစို့။ ဒါဝိတ်သားတော် ကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျွန်ုပ်တို့ ယုံကြည်မှု အပြည့်အဝဖြင့် တောင်းခံကြပါစို့။ ဒါဝိတ်၏သားတော် ကယ်တင်ရှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ တောင်းလျှောက်သံကို အမြဲနားစွင့်နေပါသည်။ ဝိညာဉ်မျက်စိအလင်းကို ရရှိကြရန် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ခရစ်တော်၏သတင်းကောင်းကို ဟောပြောကြေညာ သွားကြပါစို့။
#စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)