ဓမ္မဟောင်းကာလ ပရောဖက် ယေရမိအားဖြင့် ဘုရားရှင်ရဲ့ သနားခြင်း၊ ကုသခြင်းများကို ကြားနာကြရမှာ ဖြစ်တယ်။ “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏။” ( ယေရမိ ၃၁း ၃ ) တဖက်သတ်အချစ်ရှင် သခင်ဘုရားရဲ့ မေတ္တာဟာ အပြောသက်သက် မဟုတ်ဘဲ “မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သော မိန်းမ၊ သားဖွားခြင်း ဝေဒနာကို ခံရသော မိန်းမများ” ( ယေရမိ ၃၁း ၈ ) ကို ကုသခြင်းပေးတဲ့ ဘုရား ဖြစ်တယ်။ အဲဒီဘုရားရှင်ဟာ ဒီနေ့ ဧဝံဂေလိ ကျမ်းစာတော်ထဲမှာ မျက်စေ့မမြင်ဘဲ လမ်းဘေးမှာ တောင်းစားနေတဲ့ ဘာတီမေဦးကို စက္ခုအလင်း ပြန်လည် ပေးသနား ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ တစ်ဖက်သတ် ပေးချင်နေတဲ့ ကုသခြင်း ကျေးဇူးတွေ၊ ခွင့်လွှတ်ခြင်း ကျေးဇူးတွေ အပြည့်ရှိနေတဲ့ ဒါဝိတ်ရဲ့ သားတော် ယေဇူးကို ယုံကြည်ခြင်း မျက်စေ့နဲ့ ခေါ်တလိုက်တဲ့ သူအဖို့ ဘဝသစ်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။ ဒို့ဘဝမှာလည်း စက္ခုအာရုံ မြင်ငြားသော်လည်း နှလုံးသားမှ လာတဲ့ ယုံကြည်ခြင်း အလင်း ကန်းနေမယ် ဆိုရင်တော့...။ ဒီအခွင့်ထူးနဲ့ မလွဲရလေအောင် “ဒါဝိတ်၏ သားတော် ကျွန်ုပ်ကို သနားပါ” လို့ ခေါ်တကြပါစို့။
#Sr. Lucy Win (SCCG)