ယနေ့ဧဝံဂေလိ တရားဖတ်ခြင်း၌ ယေဇူးကို “ကယ်တင်ခြင်းရသူ အနည်းငယ်သာ ရှိလိမ့်မည်လော” ဟု မေးခွန်းတစ်ခု မေးခဲ့သည်။ သူသည် ထိုမေးခွန်းကို တိုက်ရိုက် မဖြေခဲ့ချေ။ သို့ရာတွင် သူသည် ထိုမေးခွန်းကို အခွင့်အရေး တစ်ခုအဖြစ် အသုံးချ၍ ကျဥ်းမြောင်းသည့် တံခါးမှ ၀င်ခြင်းငှါ ကြိုးစားကြလော့ဟူ၍ သူ၏ ပတ်၀န်းကျင်၌ စုဝေး ရောက်ရှိနေသော သူများကို ခက်ခဲသည့် တောင်းဆိုမှု တခုပြုလုပ်ခဲ့သည်။ ထိုနည်းအားဖြင့် မည်မျှသော သူတို့သည် ကယ်တင်ခြင်း ခံရမည်ကို တွက်ချက်နေခြင်းသည် အကျိုးမရှိနိုင်ဟု သတိပေးခြင်း ဖြစ်သည်။ ထိုသို့ အကျိုးမရှိသည့် တွက်ချက် ထင်ကြေး ပေးနေမည့်အစား၊ ကျွန်ုပ်တို့သည် ကျဥ်းမြောင်းသည့် တံခါးဝကို ဝင်ဖို့ ကြိုးစားသင့်သည်။ ကျယ်သောတံခါး မှ ဖြတ်သွားရန် လွယ်ကူပါသည်။ သို့ရာတွင် ကျဥ်းမြောင်းသော တံခါးကို ဖြတ်သည့်အခါ ကျွန်ုပ်တို့၏ တံခါးကို အရှိအတိုင်း ဂရုတစိုက် ကြည့်ရှု၍ အာရုံစူးစိုက်မှု ရရှိရန် လိုအပ်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘဝအသက်တာ ရရှိမည့် လမ်းကြောင်းပေါ်တွင် ရပ်တည် လျှောက်လှမ်းရာတွင် ရုန်းကန်ခြင်းနှင့် ကြိုးစားအားထုတ်မှုတို့ ပါဝင်သည်ဟု ယေဇူးဘုရားရှင် ညွန်ပြနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုတွင် ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် အတူရှိနေပြီး ကျွန်ုပ်တို့ကို ထိုတံခါးထဲသို့ ဆွဲယူပေးခြင်းကြောင့် ကြိုးစား အားထုတ်မှုကို စိုးရိမ်ပူပန်ရန် မလိုပေ။ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်သည် လုပ်ဆောင် ပေးနေသည်။ ယန့ဧဝံဂေလိ ကျမ်းစာတော်အားဖြင့် အရပ်လေးမျက်နှာရှိ လူအပေါင်းတို့သည် ထိုတံခါးကို ဖြတ်ကျော်၍ ဘုရားရှင်၏ နိုင်ငံတော်တွင် ကျင်းပသော စားပွဲ၌ ပါဝင်နိုင်ရန်မှာ ဘုရားရှင်၏ အလိုဆန္ဒပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်၏ အသက်တာ၌ (သို့) စားပွဲ၌ ပါဝင်နိုင်ရန် အဆုံးတိုင် မလျော့သောဇွဲဖြင့် ခရစ်တော်၏ ကားတိုင်လမ်းကို အတုယူ ကျင့်ကြံ လိုက်နာနိုင်အောင် ဆက်လက် ကြိုးစားကြပါစို့။
#Sr. Thecla War War, Fmm