ယနေ့ ဧဝံဂေလိ တရားတော်တွင် သခင်ယေဇူးသည် ဂျူးလူမျိုးတို့၏ ကျင့်ဝတ်ထုံးတမ်းများကို ချိုးဖောက်ပြီး ဥပုဒ်နေ့တွင် ကုသခြင်း ပြုလုပ်ခဲ့သည်။ ဂျူးလူမျိုးတို့၏ ယဥ်ကျေးမှုတွင် ဥပုဒ်နေ့သည် အလုပ် မလုပ်ရသောနေ့၊ ဘုရားသခင် အတွက်သာ ဖြစ်ရမည်။ သို့သော် သခင်ယေဇူးသည် သူ၏ယဥ်ကျေးမှု ဓလေ့ထုံးစံကို ထပ်မံ ချိုးဖျက်ခဲ့သည်။ သူသည် ဂျူးခေါင်းဆောင် တစ်ဦး၏ အိမ်စားပွဲတွင် ရှိနေစဥ် ရေဖျင်းစွဲသောသူအား ယေဇူး၏ ရှေ့မှောက်သို့ ခေါ်ဆောင် ပြသခဲ့သည်။ ယေဇူးသည် ထိုလူနာကို ကုသမပေးခင် ပထမဦးစွာ အနားတွင်ရှိသော ဖာရိရှဲများနှင့် ကျမ်းတတ် ပုဂ္ဂိုလ်များအား ဥပုဒ်နေ့၌ အနာရောဂါကို ပျောက်ကင်း စေနိုင်သလောဟု မေးမြန်းခဲ့သည်။ သို့သော် သူတို့သည် ပြန်လည် ဖြေကြားခြင်း မရှိ၊ တိတ်ဆိတ်စွာ နေကြသည်။ ထို့နောက် သခင်ယေဇူးသည် လူနာကို ကုသပေးပြီး သူ၏ ရောဂါဝေဒနာမှ လွတ်မြောက်စေသည်။ ကျွန်ုပ်တို့၏ လောကတွင် ဥပဒေသည် အရေးကြီး၏။ သို့သော်လည်း ဥပဒေ၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ လူသားများအတွက် ဘေးကင်းမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတို့ကို အာမခံရန် အတွက်သာ ဖြစ်သည်။ သို့သော် တခါတရံတွင် ကျွန်ုပ်တို့သည် လူတစ်ဦး တစ်ယောက်၊ မိသားစု၊ အသိုင်းအဝိုင်းအတွက် ချစ်ခြင်းမေတ္တာနှင့် ကောင်းမွန်သည့် အရာများထက် စည်းမျဥ်း စည်းကမ်းများကို ထားလေ့ ရှိပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့သည် စည်းမျဥ်း စည်းကမ်းများ (သို့) ဥပဒေကို စောင့်ထိန်း ပါလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် “သင်နှင့်နီးစပ်သော သူကိုချစ်ပါ” ဆိုသည့် အကြီးမြတ်ဆုံး ပညတ်တော်ကို ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။ စည်းမျဥ်း စည်းကမ်းများ (သို့) ဥပဒေကို လိုက်နာနေခြင်း သက်သက် မဟုတ်ပဲ တခြားသူများ၏ ကောင်းကျိုးအတွက် ဥပဒေကို သတိပြု အသုံးပြုနိုင်စေရန် ယနေ့တွင် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ အယောက်စီတိုင်းကို သတိပေးနေခြင်း ဖြစ်ပါတယ်။
#Sr. Thecla War War, Fmm