ချစ်ခြင်းမေတ္တာရှင် ခရစ်တော်သခင်ဟာ မေတ္တာ ပြသတဲ့အခါမှာ လူ့မျက်နှာကို မထောက် သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း လုပ်ဆောင် ခဲ့တာတွေကို ဒီတစ်ပတ်လုံး ကျမ်းစာပိုဒ်တွေမှာ တွေ့ရှိကြရပါတယ်။ ဥပုဒ်နေ့မှာ ထမင်းဖိတ်ကျွေးတဲ့ အိမ်ရှင်ဟာ ဖာရီဇေဦး အကြီးအကဲ ဖြစ်ပေမယ့် သူ့အကြိုက်၊ သူ့မျက်နှာ လုံးဝ မထောက်ဘဲ ရေဖျင်းစွဲ ရောဂါသည် တစ်ဦးကို ခေါ်ယူပြီး ကုသပေးခဲ့တယ်။ ဒါတင်မက ရန်သူတို့ရဲ့ လုပ်ရပ်အပေါ်မှာ မီးမောင်းထိုးပြီး သွန်သင်ခဲ့ပုံက “သင်တို့တွင် မည်သူသည် မိမိ၏မြည်းဖြစ်စေ၊ နွားဖြစ်စေ ဥပုဒ်နေ့၌ ရေတွင်းထဲသို့ ကျခဲ့သော် ချက်ချင်း မဆွဲဘဲ နေမည်နည်း” (လုကာ ၁၄း ၅) ဟူ၍ဖြစ်သည်။ ထမင်းတလုတ် ဒုတ်တစ်ချက် ဆိုသလို ထမင်းတစ်ခါ ဖိတ်ကျွေးပြီး အကောက်ကြံနေတဲ့ ပုဂိုလ်များကြားမှာ ခရစ်တော်ရှင်ရဲ့ ဒဲ့ပြောလိုက်တဲ့ စကားတွေ၊ မေးခွန်းတွေအတွက် မည်သူမျှ ပြန်မဖြေနိုင်ကြဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ မဖြေနိုင်တဲ့ စာမေးပွဲဟာ သေချာပေါက် ကျပြီမို့ အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ ဆက်လက် ကြိုးစားကြပါစို့။ ဒို့ဘဝလည်း တစ်ခါတစ်ရံ ဖာရီဇေဦးတွေလို စိတ်ထားမျိုးနဲ့ တစ်ပါးသူ၊ နီးစပ်သူများအပေါ် အကောက်ကြံ စီရင်ဆုံးဖြတ်မှုများ မပြုလုပ်ကြဖို့ ခရစ်တော်က တရားပေးနေပါတယ်။
#Sr. Lucy Win (SCCG)