ဤယနေ့ ကြားနာခဲ့ရသော ဧဝံဂလိကျမ်းစာတော်မြတ်ကို အပိုင်းသုံးပိုင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ပထမ အပိုင်းအနေဖြင့် သခင်ယေဇူး ဟောကြားခြင်း၊ သွန်သင်ခြင်းနှင့် ကုသခြင်းတို့ကို တွေ့မြင်နိုင်ပါသည်။ ဒုတိယပိုင်းအနေဖြင့် တပည့်တော်များအား ရိတ်သိမ်းစရာ များစွာရှိနေ၍ လုပ်ဆောင်သောသူများ ရရှိဖို့ရန် လယ်ကွင်းရှင်ဘုရားသခင်ထံ ဆုတောင်းကြစို့ဟု မိန့်တော်မူခြင်းနှင့် တတိယပိုင်းအနေဖြင့် တပည့်တော်များအား သာသနာပြုခြင်းအတွက် နတ်ဆိုးများ နှင်ထုတ်ခြင်း၊ အနာရောဂါများ ပျောက်ကင်းစေသာ အခွင့်အာဏာကို ပေးအပ်ခြင်းဖြစ်သည်။ ခရစ်တော်သခင်သည် အမှောင်ဖုံးလွမ်းနေသော လောကကမ္ဘာကြီးအား မိမိ၏ မှန်ကန်သောတရား အလင်းတော်ကို ပေးရန်အတွက်နှင့် နိုင်ငံတော်၏ သတင်းကောင်းကို ဟောပြောကြေညာရန် ကိုယ်တော်သည် ကျွန်ုပ်တို့ထံသို့ နာတာလူးပွဲတော်၌ ဆင်းကြွလာမည်ဖြစ်သည်။ ထိုကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝကျာ်က ကိုယ်တော်ရှင် ကြွလာတော်မူခြင်း၊ တရားဒေသနာတော်ကို သွန်သင်ခြင်း၊ ကုသခြင်းစသော ခရစ်တော်သခင်၏ ဧဝံဂလိသတင်းကောင်းကို ဟောကြားသက်သေခံဖို့ရန် သာသနာပြုများစွာ လိုအပ်ပေသည်။ ဆေးကြာခြင်းခံယူထားသော ကျွန်ုပ်တို့အယောက်စီတိုင်းတို့သည် ထိုတာဝန်ကို လက်ဆင့်ကမ်းဖို့ရန် ဘုရားပေးတာဝန်၊ သမိုင်းပေးတာဝန်ပင် ဖြစ်သည်။ သခင်ခရစ်တော်သည် တပည့်တော်ကြီးများအား ခမည်းတော် ပေးအပ်သော အာဏာကို ပေးအပ်နှင်းခဲ့သည်။ အာဏာသည် လူတိုင်း၏အကြိုက် ဖြစ်သည်။ စိတ်မနှံ့သည့်အရူးပင် ဖြစ်လင့်ကစား မိမိပိုင်ဆိုင်မှုနှင့်နေရာကို တစ်ယာက်ယောက်က ဝင်လုလျှင် ပြန်၍ရန်တွေ့တတ်သည်။ ယနေ့ခေတ်အခါ၌ အချို့သောသူများသည် အာဏာရရှိရေးအတွက် မမှန်ကန်သော နည်းလမ်းများဖြင့် အသုံးပြုကြသည်။ အာဏာရလာလျှင် မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလေတော့သည်။ ထို့ကြောင့် အာဏာဟုဆိုလိုက်လျှင် လူမှုဝန်းကျင်၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုအဖွဲ့အစည်းများ၌ အာဏာအလွဲ သုံးစားမှုများကို မြင်နေကြားနေရကြသည်။ အာဏာသည် အများအကျိုးအတွက် အသုံးပြုဖို့ရန် သခင်ခရစ်တော်သည် တပည့်တော်ကြီးများအား အာဏာလွဲပေးရခြင်း၏ ရည်ရွယ်ချက်မှာ မလိုသြဇာများဖြင့် အာဏာကို အလွဲသုံးစား ပြုရန်မဟုတ်။ မိမိရရှိထားသော အခွင့်အာဏာဖြင့် လူအများကို ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ရန် ဖြစ်သည်။ နတ်ဆိုးနှင်ထုတ်မည့်သူသည် မိမိ၌နတ်ဆိုးမရှိ နေဖို့လိုမည်။ နာမကျန်းသောသူများကို ကုသဖို့ရန် မိမိကိုယ်တိုင်လည်း ကျန်းမာနေဖို့ အရေးကြီးသည်။ ဘုရားရှင်၏ သတင်းကောင်းကို ဟောပြောမည့်သူသည်လည်း လောကီဆန်သောလောဘ၊ မောဟ၊ မာန်မာနတရားများနှင့် ကင်းစေဖို့တော့ လိုပေမည်။ အထူးသဖြင့် ဘုရားကို ဆက်ကပ်ထားသော ပုဂ္ဂိုလ်များတို့သည် မိမိဆက်ကပ်ထားသာဘဝကို ရက်ရက်ရောရော သစ္စာရှိရှိ ဆောက်တည်သွားခြင်းဖြင့် ရိတ်သိမ်းဖို့ လိုအပ်နေသော လယ်ခင်းပြင်သို့ လုပ်အားအသစ်များဖြစ်သော လူငယ်များအား ခေါ်တော်မူခြင်းရရှိရန် အကောင်းဆုံးဆွဲဆောင်မှု ပေးနိုင်မည်ဖြစ်သည်။
စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)