ပွဲတစ်ခုခုကို ဖိတ်လို့သွားရင် လက်ဆောင်လေးတွေ ယူသွားလေ့ ရှိကြတယ်။ ခရစ်တော်လည်း ယူသွားလေ့ ရှိတာကို တွေ့ရတယ်။ သူပေးလိုက်တဲ့ လက်ဆောင်ကတော့ မကြိုက်လည်းယူ၊ ကြိုက်လည်း ယူလိုက်ရတဲ့ စကားလက်ဆောင် တရားလက်ဆောင်လေး ဖြစ်တယ်။ လူတွေရှေ့မှာ ထင်ပေါ်ချင်ကြတဲ့ ကြွားဝါချင်ကြတဲ့ လုပ်ရပ်တွေကို မီးမောင်းထိုးပြီး တရားလက်ဆောင်လေး ဝေမျှပေးလိုက်တာကို ကြားရတယ်။ လက်ဆောင်ဆိုတော့ မကြိုက်လည်းယူ၊ ကြိုက်လည်းယူ အောင့်သက်သက်နဲ့တော့ လက်ခံကြရမှာဘဲ။ အတ္တကို ချွတ်ခွာ ခံလိုက်ရပြီပေါ့။ ဒီနေ့ သင်ရော ကျွန်ုပ်ပါ ဒီတရား လက်ဆောင်လေးက ခေတ်မီနေဆဲပါ၊ တရားဝင်နေဆဲပါ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ကျော်က ဖြစ်ရပ်ကလေး တစ်ခုဟာ ဒို့အတွက် ကြည့်မှန်ကလေး တစ်ချပ် ဖြစ်နေပါတယ်။ ကြွားဝါခြင်းကို မလိုလားတဲ့ ခရစ်တော်ရဲ့ စိတ်ထားကို ရှင်ပေါလုကလည်း ပထမကျမ်း (ရောမ ၁၁း၂၅)မှာ “ညီအစ်ကိုတို့ သင်တို့သည် ကြွားဝါသောစိတ် မရှိစေမည့်အကြောင်း” ဟူ၍ ပါရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ “အိုသခင် ကိုယ်တော်၏ နှိမ့်ချသော နှလုံးသားနှင့် တူအောင် ကျွန်ုပ်အား ပြုတော်မူပါ။”
#Sr. Lucy Win (SCCG)