ဒီနေ့ တို့တတွေ ရဟန္တာအပေါင်းပွဲကို ကျင်းပကြပါတယ်။ တစ်ချိန်က သူတို့ဟာ ကောင်းခြင်း၊ ဆိုးခြင်း၊ ဝမ်းနည်း၊ ဝမ်းသာ၊ ဆင်းရဲချမ်းသာ စတဲ့ ဒုက္ခပင်လယ်ဝေပြီး၊ ရှုတ်ထွေးနေတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ယနေ့တို့တတွေ ရင်ဆိုင် ရှင်သန်နေရတဲ့ ဘဝအတွေ့အကြုံမျိုးကို သူတို့လည်း ကြုံတွေ့ ရှင်သန်ခဲ့ကြရ သူတွေပါ။ သူတို့တွေဟာ ခရစ်တော်ဘုရား ဟောကြားသော တောင်ပေါ် ဒေသနာတရားရဲ့ အနှစ်သာရကို ရရှိခံစားရကြလို့ ဒီတရားတော်ကို မိမိတို့ရဲ့ဘဝ အရှုတ်အထွေး ကြားထဲမှာပဲ သစ္စာရှိရှိ၊ ချစ်ခြင်း မေတ္တာနဲ့ ကျင့်ကြံ ရှင်သန် သွားခဲ့ကြတယ်၊ ဒါကြောင့် ယနေ့ သူတို့ဟာ ရဟန္တာများ ဖြစ်ကြပြီး (ဗျာဒိတ်ကျမ်း ၇း ၁၁)မှာ ဆိုထားသလို “ပလ္လင်တော်မှစသော အသက်ကြီး သူတို့နှင့် သတ္တဝါ လေးပါး၏ ပတ်လည်၌ ရပ်နေသော ကောင်းကင်တမန်၊ ရဟန္တာအပေါင်းတို့သည် ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်လျက် ဘုရားသခင်ကို ကိုးကွယ်လျက် ရှိကြ၏” လို့ ဖော်ပြထားလျက် ရှိပါတယ်။ (ရောမ ၈း၁၈) မှာ “ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကို ထောက်သော် ယခု မျက်မှောက် ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏ မပြုထိုက်ဟု ငါသဘောရှိ၏” ဆိုတဲ့ ရှင်ပေါလုရဲ့ ဆုံးမစာကို ရဟန္တာများ တကယ် အလေးထားပြီး လက်တွေ့ ကျင့်ကြံခဲ့ကြလို့ ယနေ့မှာ တို့တတွေ စံထားအတုယူ ထိုက်တဲ့ ရဟန္တာများ ဖြစ်တာကြောင့် သူတို့အား ဂုဏ်ပြုထိုက်ပါတယ်။ ရဟန်းမင်းကြီး ဘေနဒစ် (၁၆)ကလည်း သူ့ရဲ့ ‘Jesus of Nazareth’ စာအုပ်မှာ “ခရစ်တော်ဟာ သူ့တပည့်တော်ကြီးတွေကို ငေးကြည့်နေတဲ့အခါ သူတို့အတွင်းမှာ တောင်ပေါ် ဒေသနာတော်ဟာ တကယ်ပဲ အသက်ဝင် ရှင်သန်နေတာ တွေ့မြင်ရတော့ သခင်ခရစ်တော်မှာ ဝမ်းသာ ကျေနပ်၊ ပီတိ ဖြစ်ခဲ့ရမှပဲ” လို့ ရေးသားထားတယ်။ ခရစ်တော်ဘုရား ကိုယ်တိုင်ကလည်း ဒီတောင်ပေါ် ဒေသနာတရားကို သူ့ဘဝ အစ၊ အလယ်၊ အဆုံးတိုင် ကျင့်ဆောက်တည် ပြသွားခဲ့တယ်၊ သူ့ကျင့်တာကို သူဟောပြောတယ်။ သူရှိတာကို သူဝေငှတယ်။ ဒါကြောင့် တောင်ပေါ် ဒေသနာတရားဟာ ခရစ်ယာန်တွေရဲ့ ကျင့်ဆောက်တည်ရမယ့် မရှိမဖြစ်တဲ့ လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးပါလို့ ဆိုနိုင်လောက်အောင် တောင်ပေါ် ဒေသနာ တရားတော်ကို ဘယ်အတိုင်းအတာထိ ကျင့်ကြံနေပြီလဲ ဆိုတဲ့မေးခွန်းနဲ့ မိမိကိုယ်ကို ဆန်းစစ်ရင်း ရဟန္တာများကို အတုယူသွားကြပါစို့လား။
#Sr. Christopher (SJA)