ဒီနေ့ဖတ်ရှုရတဲ့ သမ္မာကျမ်းစကားကနေ တို့တတွေ ဘဝသင်ခန်းစာအတွက် ထောက်ရှုရမယ့် အချက် နှစ်ချက်ကို တွေ့နိုင်ပါတယ်။ ပထမအချက်ကတော့ ခရစ်တော်ရဲ့ ခေါ်သံကို ကြားပြီး ကိုယ့်သဘော ဆန္ဒနဲ့ လွတ်လွတ်လပ်လပ် သခင်ဘုရား နောက်တော်ကို လိုက်ချင်လို့ လိုက်ခဲ့ကြတဲ့ တို့တတွေဟာ တို့ရဲ့မိဘ၊ ညီအစ်ကို မောင်နှမ၊ တို့ရဲ့ မိသားစု သားမယား သံယောဇဉ် ဖြတ်နိုင်ရမယ်လို့ ဆိုပါတယ်။ ဒါဟာ ခရစ်တော်ရဲ့ ပြင်းထန်တဲ့ တောင်းဆိုချက်ပါ။ ဖန်ဆင်းရှင် တစ်ပါးတည်းကိုသာ ဖန်ဆင်းခံ အရာသတ္တဝါ အားလုံးထက် ပိုပြီးချစ်ရမယ်လို့ ဆိုပါတယ်။ ဖန်ဆင်းခံ အရာသတ္တဝါ အားလုံးထဲမှာ ဖန်ဆင်းရှင် ဘုရားသခင်ကို မြင်နိုင်ဖို့၊ မြင်ပြီး အရာသတ္တဝါ အားလုံးကို ကောင်းမွန်စွာ မေတ္တာနဲ့ ဆက်ဆံရမယ်၊ လေးစားရမယ်၊ လုပ်ကျွေး ပြုစုပေးရမယ်။ ဒါပေမယ့် ဖန်ဆင်းခံ အရာသတ္တဝါကိုပဲ ငြိတွယ်နေရင် အဲဒီအရာတွေမှာပဲ တို့တတွေ ရပ်တံ့နေမှာဖြစ်ပြီး ဖန်ဆင်းရှင် ဘုရားသခင်ဆီကို အာရုံ မရောက်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ကောင်းကောင်း သိမြင်မိဖို့ လိုအပ်ပါတယ်။ တို့တတွေဟာ ဖန်ဆင်းရှင်အတွက် ဖန်ဆင်း ခံရတာပါ ဆိုတာကို မေ့လို့မရပါဘူး။
ဒုတိယ အချက်ကတော့ ခေါ်သံကြားလို့ ခရစ်တော် နောက်လိုက်တဲ့သူဟာ ခရစ်တော် တောင်းဆိုထားတဲ့ ပထမအချက်ကို ကောင်းကောင်း နားလည်ရပါမယ်။ တကယ်သံယောဇဉ် ဖြတ်နိုင်မှ ခရစ်တော် နောက်ကိုလိုက်ပါ။ ကိုယ့်ကိုယ်ကို သေသေချာချာ စီစစ်ဖို့ လိုပါတယ်။ ပေးထားတဲ့ ဥပမာ နှစ်ခုကတော့ တိုက်ဆောက်ချင်ရင် မဆောက်ခင် ကိုယ့်မှာ လုံလောက်တဲ့ ကြေးငွေခွန်အား ရှိရဲ့လားဆိုတာ အရင်ဆန်းစစ်၊ မဟုတ်ရင် ဆောက်ရင်းငွေ မလုံလောက်လို့ ရပ်နားရရင် အများ ကဲ့ရဲ့စရာ ဖြစ်မယ်။ နောက်တစ်ခုက စစ်တိုက်တော့မယ့် ဘုရင်ကြီးဟာ ကိုယ့်ရဲ့ရန်သူကို စစ်မကြေညာခင် ရန်သူရဲ့ စစ်အင်အားထက် ကိုယ့်ရဲ့စစ်အင်အားက ပိုပြီးကြီးမားမှ စစ်ကြေညာသင့် မဟုတ်ရင် စစ်ရှုံးတာနဲ့ ရင်ဆိုင်ရမယ်။ ဒါကြောင့် သူတော်စင်ဘောင် ရောက်နေကြတဲ့ တို့တတွေဟာ ခရစ်တော် တောင်းဆိုထားတဲ့ သူ့အားသာလျှင် ဖန်ဆင်းခံ အရာသတ္တဝါတွေထက် ပိုပြီး ချစ်နိုင်ရမယ်၊ သူ့အားသာလျှင် တို့ရဲ့နှလုံးသားမှာ ပိုပြီးငြိတွယ် ကြရမယ်ဆိုတဲ့ အချက်ကို လေးလေးနက်နက် နားလည်သဘောပေါက် ကြရပါမယ်။ ဒါကြောင့် တို့တတွေရဲ့ နှလုံးသားထဲမှာ ဖန်ဆင်းရှင် ဘုရားသခင်ထက် ဖန်ဆင်းခံ အရာသတ္တဝါ တစ်ခုခုကို ပိုပြီး ငြိတွယ်မှု ရှိနေပါသလား။ ဒီလိုဆိုရင် အဲဒီဖန်ဆင်းခံအရာမှာပဲ ရပ်တံ့နေပြီး ဖန်ဆင်းရှင်ထံသို့ စိတ်ဝိဉာဉ် မရောက်နိုင်တော့တာမျိုးကိုရော အသိရှိပါရဲ့လား။ ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခံ နှစ်ခုကြားမှာ ဘယ်လို ရွေးချယ် နေထိုင်ရှင်သန် သွားမလဲ။
#Sr. Christopher (SJA)
(စိန်ဂျိုးဇက်သီလရှင်အသင်း)