ဒီနေ့ကျမ်းစာကို ဖတ်လိုက်တော့ ဘုရားရှင်အား ချီးမွမ်း ဂုဏ်ပြုပြီး၊ ပျော်ရွှင်စွာ ပွဲခံထိုက်တဲ့ အကြောင်းရင်း နှစ်ချက်ကို တွေ့ရတယ်။ ပထမအကြောင်းရင်းကတော့ ပျောက်ဆုံးတဲ့အရာကို တွေ့တဲ့အထိ ရှာတတ်သော ဘုရားရှင်ရဲ့ စိတ်ရှည်ခြင်းအတွက်နဲ့ ဒုတိယ အကြောင်းရင်းက အပြစ်ရှိတဲ့သူ နောင်တရလာတဲ့အထိ ဘုရားရှင်၏ စိတ်ရှည်စွာ ပြင်ဆင်ပေးပြီး စောင့်မျှော် နေခြင်းအတွက် ဖြစ်ပါတယ်။ ပျောက်ဆုံးသိုးနဲ့ ပျောက်ဆုံး ငွေဒင်္ဂါးကို ပြန်လည် ရှာဖွေ တွေ့ရှိတာဟာ ကြီးမားတဲ့ ပျော်ရွှင်စရာ ဖြစ်လို့ တစ်ယောက်ထဲ ပျော်ရွှင်ဖို့ မဟုတ်ဘဲ၊ သူငယ်ချင်း မိတ်ဆွေတွေကို ဖိတ်ပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုကို အများနဲ့ အောင်ပွဲခံ ကျင်းပတာဟာ သဘာဝ ကျပါတယ်။ ခရစ်တော် ဘုရားဟာ သူ့ကိုဆန့်ကျင်တဲ့ သူတွေ၊ အပြစ်ရှိတဲ့ သူတွေနဲ့ မိတ်ဆွေ လုပ်တယ်၊ ခင်မင်ရင်းနှီးစွာ စားပွဲမှာ အတူပျော်ရွှင်စွာ စားသောက်တယ်။ ဒါပေမယ့် ဖာရီဇေဦးနဲ့ ကျမ်းတတ် ဆရာတွေကတော့ ခရစ်တော်ရဲ့ အသိုင်းအဝန်းထဲမှာ မပျော်ရွှင် နိုင်ကြပါဘူး။ ဒါကလည်း သူတို့ကိုယ်သူတို့ အပြစ်ရှိတဲ့သူ တွေလို့ လက်မခံမှု၊ သူတို့မှာ အပြစ်မရှိလို့ အပြစ်ခွင့်လွှတ်ခြင်းကို မယုံကြည်ကြပါဘူး။ အပြစ် ခွင့်လွှတ်ခြင်း ခံရဖို့ ကိုယ့်ကိုယ်ကို အပြစ်ရှိတဲ့သူလို့ လက်ခံရမယ်။ ဖာရီဇေဦးနဲ့ ကျမ်းတတ် ဆရာတွေက သူများရဲ့ အပြစ်ကို မြင်ပြီး ကိုယ့်ရဲ့ အပြစ်ကိုတော့ လုံးဝ မမြင်ပါ။ အဲဒီ အားနည်းချက်ကြောင့် သူတို့တွေ အပြစ်ရှိတဲ့ သူတွေကို လုံးဝ လက်မခံနိုင်ဘူး၊ လုံးဝ မချစ်နိုင်ကြဘူး။တကယ်မှာတော့ လူတိုင်း ကိုယ်စီ အပြစ် အားနည်းချက် ကိုယ်စီ ရှိကြတာပါပဲ။ ဘုရားရဲ့မိခင် အပြစ်မဲ့ သန္ဓေယူတဲ့ အမိမယ်တော် တစ်ဦးတည်းသာ အပြစ်ကင်းစင်တဲ့ လူသားဖြစ်ကြောင်း ကက်သလစ် အသင်းတော်ရဲ့ သွန်သင်ချက်မှာ ပါရှိပါတယ်။ ဖာရီဇေဦးနဲ့ ကျမ်းတတ် ဆရာတွေလို ကိုယ်အပြစ်ကို မမြင်၊ သူတစ်ပါး အပြစ်အမှားကိုသာ ကြည့်တတ်၊ မြင်တတ်တဲ့ အပြုအမူကို ဘုရားရှင်က လုံးဝ နှစ်သက်မှာ မဟုတ်ပါဘူး။ ဘုရားရှင် မနှစ်သက်တဲ့ ဒီစိတ်ထား၊ အမြင်ကို ကြိုးစား ထုတ်ပယ်ကြပါစို့။ အပြစ်ခွင့်လွှတ်ခြင်း၊ အပြစ်သည်များကို မိမိထံတော်သို့ ပြန်မရောက်မခြင်း စိတ်ရှည်စွာ စောင့်မျှော်နေတဲ့ ဘုရားရှင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်းကို ယုံကြည်ကိုးစား သွားကြပါစို့။
#Sr. Christopher (SJA)