ဒီနေ့ကျမ်းစာကို ဖတ်ရှုပြီး တို့တတွေ ဘဝသင်ခန်းစာ အတွက် ကောက်နှုတ် ထောက်ရှုမယ့် အချက်ကတော့ ပထမအချက်မှာ အရှင်နှစ်ပါးကို အစေမခံနိုင်တဲ့ အကြောင်းနဲ့ ဒုတိယအချက်က ဘုရားရှင်ဟာ တို့စိတ်နှလုံး အတွင်းကို ထိုးထွင်း သိမြင်နိုင်တဲ့ အချက်တွေပါ။ ပထမအချက် အရှင်နှစ်ပါးကို အစေမခံနိုင်ခြင်း ဆိုရာမှာ လောကစည်းစိမ်ကို အလွန်အမင်း ချစ်မြတ်နိုး တွယ်တာ၊ တပ်မက်သူဟာ ဘုရားကို မချစ်နိုင်ပါဘူး၊ ဘုရားကို ချစ်တဲ့သူဟာလည်း လောက စည်းစိမ်ကိုချည်းသာ အလွန်အမင်း မဖက်တွယ် နေပါဘူး။ ခရစ်တော်ဘုရား ကိုယ်တော်တိုင် သံချေးပိုးရွ ဖျက်ဆီးနိုင်တဲ့ မြေကြီး ဘဏ္ဍာထက် မပျက်စီးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကို ပိုအားစိုက် ဆည်းပူး၊ စုဆောင်းကြပါလို့ သတိပေးထားပါတယ်။ ကျမ်းစာထဲက သူဌေးကြီးနဲ့ ဆင်းရဲသား လာဇရူး အကြောင်းကို ကြည့်ရင် နှစ်ယောက်လုံး သေဆုံးသွားတဲ့အခါ လောကစည်းစိမ်ကို ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော် အတွက်နဲ့ အများအကျိုးအတွက် မှန်ကန်စွာ အသုံးမပြုခဲ့တဲ့ သူဌေးကြီး ငရဲကျပြီး၊ ဆင်းရဲ၊ ငတ်မွတ်တဲ့ ဒုက္ခကို ဘုရားရှင်အား ဆက်ကပ်ပြီး၊ မညည်းညူဘဲ ခံထမ်းခဲ့တဲ့ လာဇရူးကတော့ မိုးကောင်းကင် အာဗြာဟံ ရင်ခွင်ထဲ ရောက်သွားရတယ်။ ရှင်လုကာ ၁၂း ၂၀-၂၁ မှာလည်း သခင်ခရစ်တော်က “အချင်းလူမိုက် ယနေ့ညပင် သင်၏ဝိဉာဉ်ကို ရုတ်သိမ်းရာအချိန် ရောက်လိမ့်မည်၊ သို့ဖြစ်၍ သင်ပြင်ဆင်ထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်း။ ကိုယ့်အဖို့ ဘဏ္ဍာများကို ဆည်းပူး၍ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား ထိုသူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏” လို့ပုံဥပမာနဲ့ သတိပေး သွန်သင်ထားပါတယ်။ ဒုတိယအချက် အနေနဲ့ ဘုရားရှင်ဟာ တို့နှလုံးသား အတွင်းကို ထိုးဖောက် သိမြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် တို့တတွေ ဒီလောကမှာ အသက်ရှင်စဉ် လူမသိလည်း ဘုရားသိတာမို့ ဘုရားရှင် မနှစ်သက်တာတွေ ရှောင်ရှားအောင် ကြိုးစား သွားကြပါစို့။ ပြန်ဆန်းစစ်စရာ အနေနဲ့ ပျက်စီးတတ်တဲ့ လောကပစ္စည်းတွေကို ဘုရားဂုဏ်တော် အတွက်နဲ့ အများကောင်းကျိုး အတွက် မှန်ကန်စွာ အသုံးပြုရဲ့လား။ အတွင်းနှလုံးသားကို ထိုးထွင်း သိမြင်တော်မူတဲ့ ဘုရားသခင် ရှိနေတာ သတိမမူဘဲ၊ လူရှေ့မှာတောင် မလုပ်ရဲ၊ မလုပ်သင့်တာမျိုးကို ကွယ်ရာမှာ လုပ်လေ့ရှိသလား။
#Sr. Christopher (SJA)