ဒီနေ့ကျမ်းစာကနေ တို့တတွေ ဘဝသင်ခန်းစာအတွက် အချက် ၂ ချက်ကို ထောက်ရှုဆင်ခြင် ကြည့်ကြပါစို့။ ပထမအချက် အနေနဲ့ ကုသိုလ်၊ ကောင်းမှု လုပ်တဲ့အခါ စိတ်ထားမှန်ဖို့။ ဒုတိယအချက်ကတော့ သေးငယ်သော အလှူဒါနကို ကြီးမားသော မေတ္တာနဲ့ လှူဒါန်းခြင်းကို ဘုရားမြတ်နိုးတယ်ဆိုတဲ့ အချက်တွေပါ။ ပထမအချက်ကို ကြည့်ရင် ကောင်းတာ လုပ်ရင်လည်း စိတ်ထားက မှန်ဖို့လိုတယ်၊ ကိုယ်လုပ်လိုက်တဲ့ ကောင်းသောအမှုဟာ ဘုရားရှင်ရဲ့ ဘုန်းတော် ဂုဏ်တော်အတွက်နဲ့ အများအကျိုး ရှိဖို့အတွက် ဖြစ်ရပါမယ်။ ကျမ်းစာထဲက ဖာရီဇေဦးများ ကုသိုလ်ကောင်းမှု လုပ်တဲ့အခါ အများရဲ့ ဂုဏ်ပြု ချီးမွမ်းခြင်းတွေ ရှာဖွေဖို့၊ လေးစားခံ၊ နေရာပေး ခံရဖို့နဲ့ ထင်ပေါ်ချင်လို့ လုပ်ကြတဲ့အခါ လုပ်သမျှ ကောင်းမှုတွေဟာ မိမိကိုယ် အတွက်ပဲ ဖြစ်သွားရပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကောင်းသောအမှုဟာ ဘုရား အသိအမှတ်ပြုခြင်း မခံရတော့ပါဘူး။ ဒါကြောင့် ခရစ်တော်ဘုရားက ဖာရီဇေဦးတွေလို မကြွားနဲ့၊ လူမြင်ကောင်းဖို့ပဲ မလုပ်နဲ့၊ သင့်ညာဖက် လက်က လုပ်တာကို၊ ဘယ်လက် မသိစေနဲ့။ ဒီလိုစိတ်နဲ့ လျို့ဝှက် လုပ်ဆောင်တာကို မြင်ရတဲ့ ကောင်းကင်ဘုံက အဖဘုရားသခင်ဟာ မြင်ပြီး သင့်ကို ကောင်းချီး ပေးလိမ့်မယ်လို့ အတိအလင်း မိန့်တော်မူ ထားပါတယ်။ ဒုတိယအနေနဲ့ ခရစ်တော်က မုဆိုးမရဲ့ အလှူနဲ့ တင်စား အဆုံးအမ ပေးခဲ့ပါတယ်။ သူဌေးတွေက ကြွားဝါဖို့ သူတို့ရဲ့ ပိုလျှံနေတဲ့ ငွေကြေးထဲက များစွာထည့်ဝင် လှူဒါန်းကြတယ်၊ မုဆိုးမကတော့ သူ့ရဲ့ နည်းပါးလှတဲ့ ငွေလေးကို ရက်ရက်ရောရော ကြီးမားတဲ့ စေတနာနဲ့ ဘုရားအား ပေးလှူခဲ့တာပါ။ ဒါကြောင့် သူမရဲ့အလှူအတွက် ခရစ်တော်ဘုရား ချီးမွမ်းရင်း သင်ခန်းစာ ယူကြဖို့ ဆုံးမတော်မူ ခဲ့ပါတယ်။ စဉ်းစားထောက်ရှုစရာ အနေနဲ့ ကောင်းသောအရာ လုပ်တိုင်း စိတ်ထား မှန်ကန်ရဲ့လား။ သေးငယ်သော်လည်း ပြုသမျှ ကောင်းမှုကို ကြီးမားတဲ့ စေတနာ၊ မေတ္တာနဲ့ ဘုရားမျက်နှာတော် ထောက်ပြီး အများအကျိုးအတွက် ရည်ရွယ် လုပ်ဆောင်ပါရဲ့လား။
#Sr. Christopher (SJA)