ဒီနေ့ သခင်ခရစ်တော်ပေးတဲ့ တရားကနေ ကောက်နှုတ် သတိထားရမယ့် သင်ခန်းစာ ၃ ချက်ကို ထောက်ရှု သွားကြပါစို့။ တစ်အချက် သူတစ်ပါး အပြစ်ထဲကျအောင် ပြုလုပ်ခြင်းဟာ အမင်္ဂလာ ဖြစ်ကြောင်း၊ နှစ်အချက်အနေနဲ့ နောင်တရသော သင့်ရဲ့ ညီအစ်ကိုကို ခွင့်လွှတ်ခြင်း အကြောင်းနဲ့ သုံးအချက်ကတော့ ယုံကြည်ခြင်းအကြောင်း ဖြစ်ပါတယ်။ တစ်အချက်ကိုကြည့်ရင် သူငယ် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေအောင်၊ မကောင်းသော ပုံသက်သေပြရင်၊ အပြစ်ပြုမိအောင် သွေးဆောင်ရင် အဲဒီလူဟာ သူ့လည်ပင်းမှာ ကြိတ်ဆုံကျောက် ဆွဲပေးပြီး ပင်လယ်ထဲ ပစ်ချခံရဖို့ သင့်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေး ဆုံးမတော်မူပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ ပုံသက်သေကြောင့် သူတစ်ပါး အပြစ်ကျရခြင်းက ကိုယ့်မှာ ပိုပြီးအပြစ် ကြီးလေးတယ် ဆိုတာကို လေးနက်စေတာပါ။ နှစ်အချက်အနေနဲ့ မိမိကို ပြစ်မှားမိတဲ့ တစ်စုံတစ်ယောက်က နောင်တရပါပြီလို့ လာပြောရင် သူ့ကို ခွင့်လွှတ်ရမယ်၊ တစ်နေ့မှာ ခုနှစ်ကြိမ် အမှားလုပ်ပြီး ခုနှစ်ကြိမ် နောင်တရပါပြီဆိုရင် ခုနှစ်ကြိမ် ခွင့်လွှတ်ရမှာပဲလို့ ခရစ်တော် တရားပေးနေပါတယ်၊ တောင်းဆိုနေပါတယ်။ တစ်နည်းအားဖြင့် နောင်တရတဲ့သူကို အမြဲတမ်း ခွင့်လွှတ်ပေးနေရမှာပါ။ သုံးအချက်ကတော့ ယုံကြည်ခြင်းပါ။ တမန်တော်ကြီးတွေက ခရစ်တော်ကို တပည့်တော်တို့ရဲ့ ယုံကြည်ခြင်းကို တိုးပွါးစေတော်မူပါလို့ တောင်းလျှောက်ကြတဲ့အခါ ခရစ်တော်က သင်တို့မှာ မုန်ညင်းစေ့လောက် ယုံကြည်ခြင်းရှိရင် သဖန်းပင်ကို သင်အမြစ်နဲ့တကွ နှုတ်ပြီး ပင်လယ်ထဲ စိုက်နေလော့လို့ပြောရင် သင်တို့စကားကို နားထောင်လိမ့်မယ်လို့ မိန့်တော်မူပါတယ်။ ဘုရားသခင် မတတ်နိုင်တာ ဘာမှမရှိဘူးလို့ တို့တတွေ ယုံကြည်ကိုးကွယ်တဲ့ ဘုရားအပေါ် အမှန်တကယ် စွဲမြဲယုံကြည်သူတိုင်း ဒီလောကမှာ အောင်မြင်ခြင်းနဲ့ ထာဝရ ကယ်တင်ခြင်းကိုလည်း ရရှိပိုင်ဆိုင် နိုင်ကြမှာ ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်ရန် -
မိမိကြောင့် သူတစ်ပါး အပြစ်ပြုမိစေပါသလား။
မိမိကို နာကြည်းအောင် ထိခိုက်ပြစ်မှားခဲ့သူ ရှိပါသလား။ သူ့ကို ခွင့်လွှတ်နိုင်ပြီလား။
ယုံကြည်ခြင်း တိုးပွါးအောင် ဆုတောင်းပါရဲ့လား။
#Sr. Christopher (SJA)