ဒီနေ့ကျမ်းစာကနေ ဘဝသင်ခန်းစာအတွက် ထောက်ရှု မှတ်သားစရာ အနေနဲ့ ‘အသိရှိခြင်း’၊ ‘ပြန်လာခြင်း’၊ ‘ကျေးဇူးတင်ခြင်း’ ဆိုတဲ့သုံးချက်ကို ကြည့်ကြပါစို့။ ခရစ်တော်ဟာ ဂျေရုဆလင်မြို့ထဲ ဝင်လာတော့ အနူရောဂါသည် ဆယ်ယောက်က စောင့်နေကြတယ်။ သူတို့က အဝေးကနေ ကျယ်လောင်တဲ့ အသံနဲ့ ဆရာသခင် ကျွန်ုပ်တို့ကို သနားပါလို့ တောင်းလျှောက်ကြတယ်။ ခရစ်တော်ကလည်း သနားပြီး မင်းတို့ကိုယ်ကို ရဟန်းဆီ သွားပြပါလို့ မိန့်တော်မူတာကြောင့် သွားနေတုန်း လမ်းမှာပဲ သူတို့ရဲ့နူနာ ပျောက်ကင်း သွားတာကို သိရှိခဲ့တယ်။ ဆယ်ယောက်စလုံး နူနာရောဂါကနေ ပျောက်ကင်းခဲ့ပေမယ့် တစ်ယောက်ထဲကပဲ ချက်ခြင်း ပြန်ပြေးလာပြီး ကိုယ်တော်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ကာ ကျေးဇူးတင်ခဲ့တယ်။ ခရစ်တော်ကလည်း ကျန်တဲ့ ကိုးယောက်ကော ဘယ်မှာလဲ။ ဆယ်ယောက်လုံး နူနာရောဂါကနေ ပျောက်ကင်းခဲ့ကြတယ် မဟုတ်လားလို့ မေးလိုက်ပါတယ်။ ဒီဆာမာရီတန်လူမျိုး တစ်ဦးကသာ မိမိနူနာပျောက်တာကို ‘သိပြီး’ ဘုရားရှင်ကို ချီမွမ်းထောမနာပြုဖို့ ‘ပြန်လာ’တယ်။ ကျန်တဲ့ ဂျူးလူမျိုး ကိုးယောက်ကတော့ ဘုရားကို ကျေးဇူးတင် ချီးမွမ်းဖို့ အသိမရှိ၊ သတိမရ၊ ပြန်မလာခဲ့ကြပါဘူး။ ‘အသိရှိခြင်း’၊ ‘ပြန်လာခြင်း’၊ ‘ကျေးဇူးတင်ခြင်း’ ဆိုတဲ့ လုပ်ဆောင်မှုတွေဟာ ရှင်သန်တဲ့ ယုံကြည်ခြင်းကနေ စီးထွက်လာတာ ဖြစ်ပါတယ်။ အနူရောဂါသည် ဆယ်ယောက် ပုံပြင်ကနေ ကျေးဇူးသိတတ်မှု၊ တုန့်ပြန်မှုကို ဘုရားရှင် အလေးထား နှစ်သက်၊ မြတ်နိုးတော်မူတယ် ဆိုတာ သိရှိနိုင်ပါတယ်။ ခရစ်တော်ရဲ့ အတွင်းမှာရှိတဲ့ ဘုရားတန်ခိုးနဲ့သာ ကုသလိုက်ခြင်း ဖြစ်တာကို ဆာမာရီတန်က ယုံကြည်တယ်။ ကျန်ဂျူးလူမျိုး ကိုးယောက်မှာ ယုံကြည်ခြင်း မရှိဘူးလို့ မဆိုလိုပါ၊ ဒါပေမယ့် သူတို့ရဲ့ ယုံကြည်ခြင်းမှာ ကျေးဇူးသိတတ်ခြင်း မပါရှိခဲ့ပါဘူး။ ဒါကြောင့် ရှင်သန်သော ယုံကြည်ခြင်း ရှိသူများ ဖြစ်ကြတဲ့ တို့တတွေဟာ ဘုရားရှင်ကို အမြဲကျေးဇူး တင်တတ်အောင် ကြိုးစားကြပါစို့။ မရေမတွက်နိုင်သော မြင်နိုင်ရာ၊ မမြင်နိုင်ရာ ကျေးဇူးများအတွက် ကိုယ်တော်ရှင်ကို ကျေးဇူးတင်ကြပါစို့။
#Sr. Christopher (SJA)