ဒီနေ့ကျမ်းစာမှာ ခရစ်တော်ဟာ ကောင်းကင် နိုင်ငံတော်အကြောင်း ပြောနေပါတယ်။ တစ်အချက် ကောင်းကင် နိုင်ငံတော်ဟာ တို့အလယ်မှာ ရှိခြင်း၊ နှစ်အချက် ကောင်းကင်နိုင်ငံတော်ရဲ့ လက္ခဏာတွေကို မြင်နိုင်ဖို့ တို့ရဲ့စိတ်နှလုံးကို ဖွင့်ထားပေးခြင်းများကို ထောက်ရှုစရာပါ။ ခရစ်တော်က ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော်ဟာ သင်တို့အလယ်မှာ ရှိနေတယ်လို့ မိန့်တော်မူပါတယ်။ ဒါပေမယ့် ဖာရီဇေဦးတွေက မယုံကြပါဘူး။ တကယ်မှာ ခရစ်တော်ဟာ ဘုရားရှင်ရဲ့ နိုင်ငံတော်ဖြစ်ပြီး လူတွေ အလယ်မှာ ရှိတယ်။ တန်ခိုးလက္ခဏာတွေ အမျိုးမျိုး ပြုလုပ်ခဲ့ပေမယ့် ဒါကို ကောင်းကင်နိုင်ငံရဲ့ နမိတ်လက္ခဏာဆိုတာ မမြင်ခဲ့ကြဘူး။ ခရစ်တော်ကို ကောင်းကင်က ကြွလာတဲ့ ဘုရားရဲ့ သားတော်လို့ အသိအမှတ် မပြုခဲ့ကြပါဘူး။ ကောင်းကင်နိုင်ငံတော်ဆိုတာ ဟိုနေရာမှာ၊ ဒီနေရာမှာလို့ ပြနိုင်၊ ပြောနိုင်တာမျိုး မဟုတ်ကြောင်း ဖာရီဇေဦးတွေကို ဦးတည်ပြီး မိန့်တော်မူချက်ဟာ ဒီနေ့ တို့တတွေ အတွက်လည်း ဖြစ်ပါတယ်။ တကယ်တော့ တို့အလယ်၊ တို့ဝန်းကျင်မှာ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟာ ရောက်နေပြီး ဒါကိုမြင်အောင် ကြည့်တတ်၊ ခံစားတတ်ဖို့ လိုပါတယ်။ ဘုရားရှင် ဖန်ဆင်းထားတဲ့ အရာရာ အားလုံးရဲ့ ကောင်းမှု၊ လှပမှုနဲ့ သဘာဝထဲမှာ ဘုရားကို မြတ်တတ်၊ ခံစားတတ်ဖို့၊ အပြစ်ရှိတဲ့သူတွေ နောင်တရတာတွေ့ရင် ဘုရားရဲ့ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်းတွေကို တွေ့မြင်ခံစားမိဖို့၊ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့သူတွေ၊ ကောင်းမှုကုသိုလ် ပြုနေကြတဲ့သူတွေ တွေ့မြင်တဲ့အခါ ဘုရားရှင်ဟာ တို့နဲ့အတူ ရှိနေတယ်၊ တို့အလယ်မှာ ရှိနေတယ်၊ ဒါဟာ ကိုယ်တော်ရဲ့ နိုင်ငံတော် တို့အလယ်မှာ ရောက်ရှိနေခြင်းပဲလို့ မြင်တွေ့ ကြရပါမယ်။ ကက်သလစ် ခရစ်ယာန်များ အတွက်တော့ ကိုယ်တော်မြတ် စက္ကမင်တူး ရှိနေခြင်းအားဖြင့် ကိုယ်တော့် နိုင်ငံတော်ဟာ လူတို့အလယ်မှာ ရောက်ရှိနေတာကို လွယ်ကူစွာ လက်ခံနိုင်ကြပါတယ်။
စဉ်းစားဆင်ခြင်ရန်- ဘုရားသခင်ရဲ့ နိုင်ငံတော်ကို မိမိတို့နေ့စဉ် ပတ်ဝန်းကျင်မှာ မြင်နိုင်ပါရဲ့လား။
#Sr. Christopher (SJA)