ဒီနေ့ကျမ်းစာတော်အားဖြင့် ဆုတောင်းတဲ့ နေရာမှာ ဇွဲကြီးကြီးနဲ့ မလျှော့တမ်း ကိုယ်လိုတာကို ရတဲ့အထိ တောင်းဆိုခဲ့တဲ့ မုဆိုးမကဲ့သို့ အဆက်မပြတ် ဆုတောင်းကြဖို့ ခရစ်တော်က တရားပေးနေတယ်။ ဒီနေ့ ခရစ်တော်ပေးတဲ့ ပုံဥပမာထဲမှာ ဘုရားကိုလည်း မကြောက်၊ လူမျက်နှာလည်း မထောက်တတ်တဲ့ တရားသူကြီးဆီကို မုဆိုးမတစ်ယောက်က မိမိရဲ့အမှုကို အနိုင်ရအောင် တရားစီရင်ပေးဖို့ နေ့ညမပြတ် လာလာပြီး တတွတ်တွတ်နဲ့ အသနားခံ တောင်းဆို နေတာကြောင့် နားပူနားဆာ လုပ်တာကို မခံနိုင်တော့လွန်းလို့ နောက်ဆုံးမှာ မုဆိုးမရဲ့ လိုလား တောင်းဆိုတဲ့အတိုင်း တရားစီရင် ပေးလိုက်ရတယ်လို့ ဆိုတယ်။ မတရားတဲ့ တရားသူကြီးကတောင် အဆက်မပြတ် တောင်းဆိုမှုကြောင့် နားငြီးလွန်းလို့ မလုပ်ချင်ပေမယ့် နောက်ဆုံးမှာ လုပ်ပေးလိုက် ရတယ်ဆိုတော့ ဘုရားရှင်ဟာ သူဖန်ဆင်းထားပြီး ကြည့်ရှုစောင်မနေတဲ့၊ သူချစ်တဲ့ သားသမီးတွေရဲ့ အဆက်မပြတ် တောင်းဆိုသံတွေကို နားမညောင်းဘဲ မနေဘူး၊ တို့တတွေဖက်က အဆုံးတိုင် ဇွဲနဲ့၊ နှိမ့်ချခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနဲ့၊ ယုံကြည်ခြင်းနဲ့ ဆုတောင်းဖို့သာ လိုတယ်လို့ ခရစ်တော်က တရားပေး နေခြင်းပါပဲ။
စဉ်းစားဆင်ခြင်ရန်-
တို့တတွေရဲ့ ဆုတောင်းခြင်း အရည်အသွေးကို စီစစ် ကြည့်ကြပါစို့။
#Sr. Christopher (SJA)