ဒီနေ့ကျမ်းမှာ ခရစ်တော်ဟာ မျက်စိမမြင်တဲ့ သူတောင်းစား တစ်ယောက်ကို မျက်စိအလင်း ပြန်ပေးတဲ့ အကြောင်း တွေ့ရပါတယ်။ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်ရာ သတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီး ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဖမ်းသွား ချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိ ပြန်မြင်စေခြင်း အကြောင်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း” ဆိုတဲ့ ကျမ်းစကားအရ မျက်မမြင်ကို မျက်စိပြန်မြင်စေတဲ့ ခရစ်တော်ရဲ့ ဆောင်ရွက်ချက် လုပ်ရပ်ဟာ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းလုပ်ငန်း ပြည့်စုံပြီဆိုတဲ့ အချက်ကို လေးနက်စွာ ထောက်ခံ ဖော်ပြထားတာ ဖြစ်ပါတယ်။ ခရစ်တော်ဟာ ခမည်းတော်ဘုရား စေလွှတ်လိုက်တဲ့ ကယ်တင်ရှင် ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြု ယုံကြည်လက်ခံ ကြရပါမယ်။ ဒီနေ့ကျမ်းစာထဲက မျက်မမြင်ဟာ ကာယမျက်စိ ကွယ်နေပေမယ့် ယုံကြည်ခြင်းအမြင်၊ အလင်း သူ့မှာရှိနေပါတယ်။ “ဒါဝိတ်ရဲ့သားတော်”ဟာ သူ့ကို ကယ်တင်နိုင်သူဆိုတာ အကြွင်းမဲ့ ယုံကြည်တာကြောင့် ဒီအမည်နာမကို အော်ဟစ်ပြီး တောင်းလျှောက်ခဲ့တာပါ။ နောက်တော်လိုက် လက်ရွေးစင် တပည့်တော်ကြီးတွေတောင်မှ ခရစ်တော်ကို သေခြင်းကနေ ရှင်ပြန်ထမြောက်ပြီး နောက်မှသာ ကယ်တင်ရှင်အဖြစ် ယုံကြည်၊ အသိအမှတ် ပြုခဲ့ကြတာကြောင့်၊ ဒီမျက်မမြင်ဟာ တပည့်တော်ကြီးတွေ ထက်တောင် တမူထူးခြား ကြီးမားတဲ့ ယုံကြည်ခြင်းရှိမှုကို ပြနေပါတယ်။
စဉ်းစားဆင်ခြင်ရန်- ကျမ်းစာထဲက မျက်မမြင်က တို့တတွေကို ဘယ်သူ့ဆီကို ဘယ်လိုယုံကြည်ခြင်းနဲ့ ဆုတောင်းမလဲဆိုတာ ညွှန်ပြနေပါတယ်။
#Sr. Christopher (SJA)